Microsoft နဲ့ Amazon တို့ထက် ပိုပြီး ဈေးကွက်တန်ဖိုးမြင့်ပါတယ်

Apple ရဲ့ ရှယ်ယာတန်ဖိုး ထိုးတက်မှုနဲ့အတူ ကုမ္ပဏီဟာ ဈေးကွက်တန်ဖိုးဒေါ်လာ ၂ ထရီလီယံ နီးပါးတန်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ Apple အစုရှယ်ယာတစ်စုကို ၄၄၆.၅၅ ဒေါ်လာအထိ မြင့်တက်လာခဲ့ပြီးနောက် ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၁.၉၂ ထရီလီယံအထိ ရှိလာခဲ့တယ်လို့ Business Insider သတင်းက ဆိုပါတယ်။ ဒါဟာ Cisco Systems ၊ Oracle နဲ့ Salesforce တို့ သုံးခုပေါင်း ဈေးကွက်တန်ဖိုးနဲ့ ညီမျှတယ်လို့လည်း ဆိုပါတယ်။




Apple ဟာ မတ်လကုန်ပိုင်းကစပြီး ရှယ်ယာတန်ဖိုးနှစ်ဆနှစ်ပါး တိုးလာတာပါ။ ဒါဟာ ၂၀၁၉ ခုနှစ်ကထက် ၈၅% ၊ ၂၀၁၈ အကုန်ထက် ၁၇၈% မြင့်တက်ခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ Apple ဟာ ဈေးကွက်တန်ဖိုးအရ အမေရိကန်ရဲ့ ဒုတိယနဲ့ တတိယအကြီးဆုံး အများပိုင်ကုမ္ပဏီဖြစ်တဲ့ Microsoft နဲ့ Amazon တို့ထက် ဒေါ်လာ ဘီလျံ ၃၀၀ နီးပါး ပိုမြင့်နေပါတယ်။

Qazet သတင်းအရ Apple ရဲ့ ဈေးကွက်တန်ဖိုးဟာ Facebook ၊ Alibaba Group နဲ့ Berkshire Hathaway လုပ်ငန်း ၃ ခုပေါင်းရဲ့ တန်ဖိုးနဲ့ ညီမျှနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒေါ်လာ ၁ ထရီလီယံတန်တဲ့ Google မိခင်ကုမ္ပဏီ Alphabet ထက်လည်း ဒေါ်လာ ဘီလျံ ၉၀၀ ပိုများနေတာ ဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာ့ဈေးကွက်တန်ဖိုးအမြင့်ဆုံး ကုမ္ပဏီဟာ Saudi Aramco ဖြစ်ပြီး ဒေါ်လာ ၁.၉၃ ထရီလီယံတန်ပါတယ်။ ဒီရေနံနဲ့ လောင်စာကုမ္ပဏီကတော့ အစိုးရကနေ ထိန်းချုပ်ထားတာ ဖြစ်ပြီး အမေရိကန်စတော့ခ်ဈေးကွက်မှာ တင်ထားတဲ့ကုမ္ပဏီ မဟုတ်ပါဘူး။

Photo: The Apple Post 

iPhone ဟာ Apple ရဲ့ ပင်မစီးပွားရေးလုပ်ငန်းဖြစ်ပြီး wearable ထုတ်ကုန်ဈေးကွက်မှာလည်း အင်အားကြီးအမှတ်တံဆိပ်အဖြစ် ရပ်တည်နေပါတယ်။ Mac နဲ့ iPad လို တစ်ခြားထုတ်ကုန်တွေအပြင် Apple Services စီးပွားရေးပိုင်းကလည်း ကုမ္ပဏီရဲ့ စီးပွားရေးအင်အားကို ကြီးထွားအောင် ပံ့ပိုးပေးနေပါတယ်။

တတိယသုံးလပတ်အတွင်း Apple ဟာ ဝင်ငွေ ဒေါ်လာ၅၉.၇ ဘီလျံ ဝင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကထက် ၁၁% ဝင်ငွေ ပိုမြင့်တက်ခဲ့တာပါ။ ကူပါတီနိုအခြေစိုက်တဲ့ ဒီကုမ္ပဏီဟာ စတိဗ်ဂျော့စ်ကွယ်လွန်ချိန်မှာ ဒေါ်လာ ၃၅၀ ဘီလျံ ရှိရာကနေ လက်ရှိမှာ ဈေးကွက်တန်ဖိုး ဒေါ်လာ ၁.၉၃ ထရီလီယံအထိ တဟုန်းထိုး မြင့်တက်လာခဲ့ပြီ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က