အပြီးတိုင် လမ်းခွဲသွားပြီ ဖြစ်ပါတယ်

Uber ကို တည်ထောင်ခဲ့သူလည်း ဖြစ် အမှုဆောင်အရာရှိချုပ်လည်း ဖြစ်တဲ့ ထရာဗစ်ကလန်နစ်ခ်ဟာ ကုမ္ပဏီရဲ့ဒါရိုက်တာဘုတ်အဖွဲ့ကနေ တရားဝင် နှုတ်ထွက်တော့မယ်လို့ ဆိုပါတယ်။

ကလန်နစ်ခ်ပိုင် Uber ရှယ်ယာအားလုံးရဲ့ ၉၀%ကျော်ကို ဒေါ်လာ ၂.၅ ဘီလျံကျော်နဲ့ ရောင်းချပြီးတဲ့နောက် Uber ကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့တာပါ။ ဘုတ်အဖွဲ့က နှုတ်ထွက်ခြင်း ၊ ရှယ်ယာတွေ ရောင်းချခြင်းတွေကြောင့် ထရာဗစ်ကလန်နစ်အနေနဲ့ သူတည်ထောင်ခဲ့တဲ့ ဒေါ်လာဘီလျံတန် ကားအငှားကုမ္ပဏီကနေ အပြီးတိုင် လမ်းခွဲတော့မယ်ဆိုတာ သေချာသလောက် ရှိပါတယ်။


Photo: usanews

Uber မှာ ကလန်နစ်ဟာ ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံး ရှိနေမှာ ဖြစ်ပြီး စီးပွားရေးနဲ့ အများအကျိုးကိစ္စရပ်တွေ အာရုံစိုက်သွားမယ်လို့ The Verge သတင်းက ဆိုပါတယ်။ သူ့အနေနဲ့ CloudKitchens လို့ခေါ်တဲ့ startup သစ်တစ်ခုကို တည်ထောင်သွားဖို့ ရှိတယ်လို့လည်း The Information က ခန့်မှန်းထားပါတယ်။

ဒီ startup သစ်ကတော့ Uber ထက်ကို ပိုပြီး ကြီးမားလာမယ့် နည်းပညာအခြေပြုလုပ်ငန်းဖြစ်တယ်လို့ ကလန်နစ်ခ်က ပြောခဲ့တာ ရှိပါတယ်။ လာမယ့် ကြာသာပတေးမှာတော့ သူ့ပိုင် Uber ရှယ်ယာအားလုံးကို ရောင်းချသွားမှာ ဖြစ်ပြီး ကုမ္ပဏီကနေ လုံးဝစွန့်ခွာတော့မှာပါ။

ထရာဗစ်ကလန်နစ်ခ်ဟာ ၂၀၀၉ ခုနှစ်က Uber လို့ ကမ္ဘာကျော်လာမယ့် Ride-hailing ကုမ္ပဏီတစ်ခုကို ဂါးရတ်ကမ့်ပ်နဲ့အတူ စတင် တည်ထောင်ခဲ့သူ ဖြစ်ပြီး နောက်ပိုင်းမှာ မိုဘိုင်းဖုန်းပေါ်က တက်စီငှားတာအပြင် ၊ အစားအသောက်ပေးပို့တာ ၊ လျှပ်စစ်စကူတာနဲ့ စက်ဘီးငှားတာ စတဲ့ ဝန်ဆောင်မှုတွေပါ တိုးချဲ့ ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာ Uber ကို သုံးစွဲသူဦးရေဟာ ကမ္ဘာနဲ့ အဝှမ်း သန်း ၁၁၀ ကျော် ရှိခဲ့ပြီး အမေရိကန်ကားအငှားဈေးကွက်တစ်ခုလုံးရဲ့ ၆၇% ကို ကြီးစိုးခဲ့တယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာလည်း Uber ဟာ ၂၀၁၉ ဒုတိယသုံးလပတ်အတွင်း ဝင်ငွေ ဒေါ်လာ ၅ ဘီလျံကျော် ဆုံးရှုံးခဲ့သလို အချက်အလက်ပေါက်ကြားမှုများကြောင့် ဒေါ်လာ သန်း ရာနဲ့ချီ ဒဏ်ကြေး ဆောင်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ လကလည်း ယာဉ်မောင်းတွေအတွက် အခွန်မဆောင်တာကြောင့် ဒေါ်လာ သန်း ၆၅၀ ဒဏ်ကြေးဆောင်ရမယ့်အရေးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ မကြာသေးခင်ကလည်း နယူးယော့ခ်ပြည်နယ်က ယာဉ်မောင်း ၉၆၀၀၀ ဟာ ၂၀၁၁ ခုနှစ်က မရခဲ့တဲ့ လုပ်ခလစာကိစ္စအတွက် Uber ကို တရားစွဲထားပါတယ်။


Photo: loveworldplus

၂၀၁၀ ကနေ ၂၀၁၇ ခုနှစ်အထိ Uber မှာ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ထရာဗစ်ကလန်နစ်ခ်လက်ထက်မှာ ကုမ္ပဏီအတွင်း လိင်ကိစ္စအရှုပ်တော်ပုံ ပေါ်ပေါက်ခဲ့ပြီး ဝန်ထမ်း ၂၀ ကျော် အလုပ်ဖြုတ်ခံခဲ့ရသလို ထိပ်ပိုင်းခေါင်းဆောင်များလည်း အလုပ်မှ ထွက်စာတင်ခဲ့ရပါတယ်။

တရားရေးဌာနရဲ့ စုံစမ်းစစ်ဆေးမှု အများအပြားလည်း ရှိလာခဲ့ပြီးနောက် Uber မှာ ရင်းနှီးမြှပ်နှံသူတွေဟာ ကုမ္ပဏီအတွင်း ခေါင်းဆောင်အပြောင်းအလဲ လုပ်ဖို့ တောင်းဆိုခဲ့ကြရာကနေ ထရာဗစ်ကလန်နစ်ခ်ရဲ့ နေရာမှာ လက်ရှိ CEO ဖြစ်သူ ဒါရာ ခေါ့စ်ရော့စ်ဟီး ရောက်လာခဲ့တာပါ။

အခုချိန်မှာတော့ Uber နဲ့ ထရာဗစ်ကလန်နစ်ခ်တို့ရဲ့ ရေစက်ဟာ ၂၀၁၉ နဲ့အတူ အဆုံးသတ်သွားပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က