၄၀၀ ETH (ဒေါ်လာ ၁.၃ သန်းခန့်) နဲ့ ရောင်းထွက်တာပါ။

အမည်မဖော်သူတစ်ဦးဟာ ဂရပ်ဖစ်ဒီဇိုင်းဆွဲထားတဲ့ ကျောက်တုံးတစ်လုံးရဲ့ပုံကို ဒေါ်လာ ၁.၃ သန်းတန် Ethereum တွေနဲ့ ဝယ်သွားခဲ့ပါတယ်။

           NFT format နဲ့ ဖန်တီးထားတဲ့ EtherRock ဒီဇိုင်းတစ်ခုကို ‌JPEG ကာတွန်းထဲမှာ ဒေါ်လာ ၁ သန်းကျော်ဈေးနဲ့ စံချိန်တင် ဈေးအမြင့်ဆုံးပေးပြီး အရောင်းအဝယ်ဖြစ်သွားတာပါ။ကာလာ tones အမျိုးမျိုး ကွဲပေမယ့် ဒီကျောက်တုံးရဲ့ ဒီဇိုင်းနဲ့ Shape တွေအားလုံးက အတူတူပါပဲ။ လောလောဆယ် ရှိပြီးသား EtherRock (ETHRocks) အခု ၁၀၀ ထဲမှာ ၂၀ ရောင်းထွက်သွားပြီလို့ ဆိုပါတယ်။ ဒီကျောက်တုံးပုံစံ doodle တွေကို free clip art ဝက်ဘ်ဆိုက်တစ်ခု ဖြစ်တဲ့ googdfreephotos .com ကနေ ထောက်ပံ့ပေးထားတာ ဖြစ်ပြီး ကျောက်တုံးတစ်ခုချင်းစီကို ကိုယ်ပိုင် NFT (Non-Fungible Token) ဒေတာသိမ်းဆည်းမှုပုံစံနဲ့ ချိတ်ဆက်ထားတာပါ။ 





Photo: nypost

            EtherRock ဆိုတာ Ethereum blockchain ပေါ်က NFT အမျိုးအစား crypto စုဆောင်းသူတွေ အမှတ်တရစုဆောင်းကြတဲ့ ပစ္စည်းဖြစ်ပါတယ်။ CryptoPunks စုဆောင်းမှုတွေ စပြီး ဖန်တီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ထဲမှာပဲ EtherRocks စုဆောင်းတာတွေ ခေတ်စားခဲ့ပါတယ်။ EtherRocks ဖန်တီးတာဟာ ၁၉၇၅ ခုနှစ်က Pet Rock အရုပ်ဝါသနာအိုးတစ်ယောက်ရဲ့ စုဆောင်းမှုကနေ အတုခိုးပြီး လုပ်လာတာ ဖြစ်ပါတယ်။ EherRock စုဆောင်းတယ် ဆိုတာ Ethereum blockchain ပေါ်က လုံခြုံရေးအရ ပုံပြောင်း tokenized လုပ်ထားတဲ့ ဒီဂျစ်တယ်ကျောက်တုံးတွေ စုဆောင်းတာပါ။         

           ပထမဆုံး အရောင်းအဝယ်ဖြစ်သွားတဲ့ ETHRocks ကို ၀.၀၉၉၉ ETH နဲ့ ရောင်းချခဲ့တာ ဖြစ်ပြီး အဲ့ဒီအချိန်က ပေါက်ဈေးနဲ့ဆို ဒေါ်လာ ၃၀၀ ဝန်းကျင်တန်ပါတယ်။ တခြား Rocks တွေကိုတော့ ၀.၁ ကနေ ၀.၃၆ ETH ကြား ဈေးနဲ့ ရောင်းချသွားတာပါ။ ဈေးအကြီးဆုံး ETHRocks ကတော့ အခုရက်ပိုင်း ၄၀၀ ETH (ဒေါ်လာ ၁.၃ သန်းခန့်) နဲ့ ရောင်းထွက်တာပါ။ တကယ်တော့ အချင်းချင်းကြားမှာ EtherRocks တွေက စိတ်ဝင်စားစရာဖြစ်နေပေမယ့် EtherRocks ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာကိုပဲ ဒီ Rocks တွေဟာ တန်ဖိုးမရှိဘူးလို့ ပြောထားပါတယ်။

           "ဒီပုံရိပ်ယောင်ကျောက်ခဲ Virtual Rocks တွေမှာ အရောင်းအဝယ်လုပ်တာအပြင် ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ ဂိမ်းထဲက ကျောက်တုံး ၁၀၀ ရှိရာကနေ ၁ ခုခု ပိုင်သွားတယ်ဆိုပြီး ဂုဏ်ယူတဲ့ခံစားချက်ပဲ ပေးပါလိမ့်မယ်" လို့ EtherRocks ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ဒီတစ်ပတ်ထဲမှာကိုပဲ EtherRocks ကို ဒေါ်လာသိန်းချီတန် Crypto တွေနဲ့ ဝယ်စုတဲ့သူတွေရဲ့ သတင်းတွေ အတော်များများ ကြားခဲ့ရပါတယ်။ အခု ဒေါ်လာ ၁.၃ သန်းနဲ့ရောင်းထွက်သွားတဲ့ EtherRock နံပါတ် ၄၂ ကို ယူကေနိုင်ငံသား Crypto ကုန်သည်လုပ်နေတဲ့ တွမ် အော့စ်မန်ဆိုသူက ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကပဲ ၁.၇ ETH ပေး ဝယ်ထားတာပါ။ အဲ့ဒီအချိန်က ဈေးနဲ့ဆို ဒေါ်လာ ၄၈၀၀ ခန့် ပေါက်တဲ့ ဈေးနဲ့ ဝယ်ခဲ့တာ ဖြစ်ပါတယ်။ သူပြန်ရောင်းချိန်မှာ ဒေါ်လာသန်းနဲ့ချီ မြတ်ခဲ့တာ ဖြစ်ပါတယ်။

           “ကျွန်တော့်ဘဝရဲ့ အကောင်းဆုံး ရင်းနှီးမြှပ်နှံမှုတွေထဲက တစ်ခုလို့ ထင်တယ်”လို့လည်း အရောင်းအဝယ်ဖြစ်ပြီးနောက် အော့စ်မန်က ဆိုပါတယ်။

           ဒီတစ်ပတ်ထဲမှာပဲ Crypto Developer တစ်ဦးဖြစ်တဲ့ ဂျက်စတင်ဆွန်းဆိုသူဟာ EtherRock တစ်လုံးကို ဒေါ်လာ ၆ သိန်းနဲ့ ဝယ်ခဲ့တယ်လို့ Twitter မှာ တင်ခဲ့ပါတယ်။ Crypto-Traders တွေဟာ EtherRocks ဆိုတဲ့ ကျောက်တုံးပုံ doodle တွေနောက် လိုက်နေကြပြီး ဝယ်စုသူတွေအကြားမှာ EtherRocks ဈေးတွေလည်း ခေါင်ခိုက်အောင် တက်လာနေတယ်လို့ ဆိုပါတယ်။ Crypto-Traders တွေအတွက် EtherRocks တွေဟာ ဂုဏ်သိက္ခာအဆင့်အတန်းပြပစ္စည်း ဖြစ်လာတာတော့ အမှန်ပါပဲ။



           ဝါသနာအိုးတွေကတော့ ပိုက်ဆံအကျိုးအမြတ်ထက် ဒီဂျစ်တယ်လက်ဂျာထဲ သိမ်းထားတဲ့ ဒေတာယူနစ်တစ်ခုကို အလွမ်းပြေ nostalgic ခံစားမှုနဲ့ ပျော်နေကြသူတွေက များပါတယ်။ တချို့လည်း နောက်ပိုင်း EtherRocks ဈေးတွေ ထိုးတက်သွားမှာပဲဆိုပြီး အမျှော်နဲ့ ဝယ်စုတဲ့သူတွေ ရှိကြပါတယ်။ နောက်များမှာ EtherRocks တွေကို ငွေသားနဲ့ ပြန်လဲနိုင်မယ်လို့လည်း ယုံနေကြသူတွေ ရှိပါတယ်။

           အခု အရောင်းအဝယ်ဖြစ်ပြီးတဲ့နောက် လောလောဆယ် EtherRock NFT တစ်ခုရဲ့ ကြမ်းခင်းဈေးသစ်ဟာ ဒေါ်လာ ၁.၀၂ သန်းအထိ မြင့်လာတယ်လို့ ဆိုပါတယ်။ အမြင့်ဆုံးဈေးက ဒေါ်လာ ၂.၅ သန်းအထိ သွားပါတယ်။ ပြီးခဲ့တဲ့ နှစ်ရက်လောက်က ဈေးအချိုဆုံး ETHRock တစ်ခုဟာ ၃၀၅၂၉၄ ဒေါ်လာ ပေါက်ပါတယ်။ ဒီအရင် နှစ်ပတ်လောက်က ၉၇၇၁၆ ဒေါ်လာ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က