အရင်ဆုံး ကွန်ဂရက်ရှေ့မှောက် စစ်ဆေးခံသင့်တယ်လို့ပြောပါတယ်
Nyein Min Wai

၂၀၂၀ မှာ မိတ်ဆက်သွားမယ့် Facebook ရဲ့ ဒီဂျစ်တယ်ငွေကြေးသစ် Libra ပရောဂျက်ကို ရပ်ဆိုင်းဖို့အမေရိကန်ထိပ်တန်း လွှတ်တော်အမတ်တစ်ဦးမှ တိုက်တွန်းလိုက်ပါတယ်။

         အမေရိကန် အိမ်ဖြူတော် ဘဏ္ဍာရေးဝန်ဆောင်မှု ကော်မတီ ( တစ်နည်းအားဖြင့် ဘဏ်နဲ့ငွေကြေးဆိုင်ရာ ကော်မတီ) ရဲ့ Chairwoman ဖြစ်သူ မက္ကဇင်ဝါးတားစ်မှ Facebook ရဲ့ Libra စီမံကိန်း ကြေညာပြီးပြီးချင်း အခုလို သဘောထား ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်ထဲမှာ ဝါးတားစ်အနေနဲ့Facebook အမှုဆောင်တွေဟာ Libra ထုတ်ကုန်နဲ့ပတ်သက်ပြီး ကွန်ဂရက်ရှေ့မှောက်မှာ စစ်ဆေးစိစစ်သင့်တယ်လို့ဆိုပါတယ်။

         သူမရဲ့ ထုတ်ပြန်ချက်ထဲမှာပဲ Facebook ဟာ သုံးစွဲသူအချက်အလက် ကာကွယ်ခြင်းနဲ့အကျိုးအလို့ငှာ သုံးစွဲခြင်းအတွက် အရေးတယူမရှိတာကို ထပ်တလဲလဲ တွေ့ရတယ်လို့ဖော်ပြထားပါတယ်။ " ဒီကုမ္ပဏီရဲ့ ပြီးခဲ့တဲ့ ပြဿနာတွေ ကြည့်ပြီး Facebook ဟာ ကွန်ဂရက်နဲ့ဥပဒေပြုပညာရှင်တွေဘက်မှ ဒီပြဿနာတွေကို စစ်ဆေးအရေးယူတဲ့ အချိန်အထိ cryptocurrency ထုတ်နေတဲ့ လှုပ်ရှားမှုတွေ ရပ်ဆိုင်းဖို့သဘောတူဖို့တောင်းဆိုပါတယ်" လို့သူမရဲ့အဆိုကို ကိုးကားပြီး Reuters မှာ ရေးထားပါတယ်။

         Facebook နဲ့မိတ်ဘက်ကုမ္ပဏီ ၂၇ ခုဟာ Libra လို့ခေါ်တဲ့ ဒီဂျစ်တယ်ငွေကြေးသစ်ကို မိတ်ဆက်သွားမယ်လို့ဇွန်လ ၁၈ ရက် က ကြေညာထားပါတယ်။ Libra နဲ့အတူ Messenger နဲ့WhatsApp တို့မှာ အလုပ်လုပ်နိုင်မယ့် Calibra ဆိုတဲ့ Digital Wallet သစ်တစ်ခုကိုလည်း မိတ်ဆက်သွားမှာပါ။ Libra ကို သုံးပြီး ဈေးဝယ်တာ ၊ နိုင်ငံဖြတ်ကျော် ငွေလွဲှပေးပို့တာ နဲ့လှူဒါန်းတာတွေ လုပ်ဆောင်နိုင်မယ်လို့ဆိုပါတယ်။

         Libra ကို Libra Association ကနေ ထိန်းချုပ်သွားမှာ ဖြစ်ပြီး ဒီအဖွဲ့အစည်းထဲမှာ Visa ၊ Mastercard နဲ့PayPal စတဲ့ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေ အပြင် Uber ၊ Lyft ၊ Vodafone Group ၊ eBay ၊ Spotify စတဲ့ နည်းပညာနဲ့သယ်ယူပို့ဆောင်ရေးကုမ္ပဏီများလည်း ပါဝင်နေပါတယ်။ ဒီဝန်ဆောင်မှုဟာ ဘဏ်အကောင့်မရှိတဲ့ လူသန်းပေါင်း ၁၇၀၀ ကျော်ကိုု ဦးတည်ပစ်မှတ်ထားတဲ့ ငွေကြေး ဝန်ဆောင်မှုလည်း ဖြစ်ပါတယ်။

Photo: Trusted Reviews

         Facebook ဟာ privacy ချိုးဖောက်မှုနဲ့အမေရိကန်ဖက်ထရယ် ကုန်သွယ်ရေးကော်မရှင် FTC မှ ဒေါ်လာ ၃ ဘီလျံကနေ ၅ ဘီလျံအထိ ဒဏ်တပ်ခံရဖို့ရှိနေပါတယ်။ FTC ဟာ ပြီးခဲ့တဲ့နှစ်က Facebook သုံးစွဲသူ ၈၇ သန်း ကျော်ရဲ့ အချက်အလက်များ ရယူသွားတဲ့ Cambridge Analytica ကိစ္စကစပြီး Facebook ပေါ် စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်နေတာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က