ပြိုင်ပွဲလုပ်ပြီး ရွေးမှာပါ
Nyein Min Wai

၂၀၂၃ မှာ လကမ္ဘာဆီ အပျော်ခရီးထွက်မယ့် ဂျပန်ဘီလျံနာတစ်ဦးဟာ ဒီခရီးမှာ သူနဲ့ အတူလိုက်ပါမယ့် ချစ်သူမိန်းကလေး ရှာနေတယ်လို့ ဆိုပါတယ်။

SpaceX ရဲ့ ပထမဆုံး ခရီးသည်အဖြစ် လကမ္ဘာကို အလည်သွားမယ့် ဂျပန်သူဌေး ယူဆာကာ မာအီဇာဝါရဲ့ ဝက်ဘ်ဆိုက်မှာ ဒီအကြောင်းကို တင်ထားတာပါ။ မာအီဇာဝါရဲ့ ဝက်ဘ်ဆိုက်မှာတော့ သူ့အနေနဲ့ ခရီးအတူလိုက်ပါမယ့် သူငယ်ချင်း ရှာနေတာ မဟုတ်ဘဲ အာကာသမှာ သူနဲ့အတူ အဖော်ပြုပေးမယ့်သူ ရှာနေတာဆိုပြီး ကမ်ပိန်းတစ်ခုနဲ့ တင်ထားတာ ဖြစ်ပါတယ်။


Photo: Business Insider

"မာအီဇာဝါမှာ အာကာသထဲ ခရီးသွားဖို့ ကာလရှည် မက်ထားတဲ့ အိပ်မက်တစ်ခု ရှိပါတယ်။ ဒီလိုမျိုး အထူးနေရာကို အတူသွားဖို့ ထူးထူးခြားခြား တစ်စုံတစ်ယောက်ကိုလည်း လိုက်ပါစေချင်ပါတယ်"လို့ ဝက်ဘ်ဆိုက်မှာ ရေးထားပါတယ်။

ဝက်ဘ်ဆိုက်မှာ Full Moon Lovers နာမည်နဲ့ လက်တွဲဖော်ရှာတဲ့ ပြိုင်ပွဲတစ်ခုကိုလည်း reality show ရုပ်သံမှတ်တမ်းအနေနဲ့ ဂျပန်ရုပ်သံဝန်ဆောင်မှုဖြစ်တဲ့ AbemaTV ကနေ လွှင့်တင်သွားမယ်လို့ ဖော်ပြထားပါတယ်။ ပြိုင်ပွဲမှာ ပါဝင်မယ့် အမျိုးသမီးတွေဟာ အသက် ၂၀ နဲ့ အထက် အိမ်ထောင်မရှိသူ အပျို ဖြစ်ဖို့လိုပြီး ထက်မြက်တဲ့ အစွမ်းအစ ၊ ဘဝကို အပြည့်ဝဆုံး ပျော်ပျော်ရွှင်ရွှင် နေချင်သူနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး လိုလားသူ ဖြစ်ရမယ်လို့ ဆိုပါတယ်။

နောက်တစ်ချက်က အာကာသထဲကိုလည်း ခရီးထွက်ဖို့ စိတ်ဝင်စားသူ ဖြစ်ရမှာပါ။ ပြိုင်ပွဲဝင်တွေအတွက် လျှောက်လွှာကိုတော့ ဇန်နဝါရီ ၁၇ ရက်နေ့အထိ လက်ခံပြီး ဇန်နဝါရီလကုန်မှာ ရွေးချယ်မှု ပြုလုပ်သွားမှာပါ။ ရွေးချယ်ခံရသူတွေဟာ ဖေဖော်ဝါရီနဲ့ မတ်လတွေမှာ မာအီဇာဝါနဲ့ ကိုယ်တိုင်တွေ့ရမှာ ဖြစ်ပြီး မတ်လကုန်ပိုင်းမှာ လက်တွဲဖော်ကို ကြေညာသွားမယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလဆန်းပိုင်းမှာပဲ မာအီဇာဝါဟာ သူ့ရဲ့ လက်တွဲဖော်ရွေးချယ်ရေး ပြိုင်ပွဲ Tweets တွေကို ပြန် share သူတွေထဲက ၁၀၀၀ ကို ရွေးချယ်ပြီး ယန်း သန်း ၁၀၀၀ ( ဒေါ်လာ ၉.၁ သန်း) ပေးမယ်လို့ ကတိပြုထားပါတယ်။ သင်္ချာနည်းအရဆိုရင် လူတစ်ယောက်ကို ၉၁၁၈ ဒေါ်လာပေးသွားမှာ ဖြစ်ပြီး အခုချိန်မှာ သူ့ Tweet ကို share သူ ၄ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။




အသက် ၄၄ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ ဒီဘီလျံနာဟာ လာမယ့် ၂၀၂၃ ခုနှစ်မှာ လကမ္ဘာဆီ ခရီးထွက်ဖို့ ပြင်ထားပါတယ်။ မာအီဇာဝါနဲ့ သူ့ရဲ့ လက်တွဲဖော်သစ်ဟာ SpaceX ရဲ့ မျိုးဆက်သစ် အာကာသယာဉ်ဖြစ်တဲ့ Starship ယာဉ်ပျံနဲ့ အာကာသထဲ ခရီးထွက်မှာ ဖြစ်ပါတယ်။ လကမ္ဘာကို သွားမယ့် ခရီးစဉ်အတွက် ကုန်ကျစရိတ်ကို SapceX ကုမ္ပဏီဘက်က မပြောခဲ့ပေမယ့် SpaceX ရဲ့ CEO အီလွန်မတ်စ်ရဲ့ အဆိုအရ မာအီဇာဝါရဲ့ လကမ္ဘာလက်မှတ်စရိတ်ဟာ အာကာသယာဉ်တည်ဆောက်ရေးအတွက် တစ်စိတ်တစ်ပိုင်း လုံလောက်တယ်လို့ ဆိုပါတယ်။

မာအီဇာဝါဟာ Zozo အွန်လိုင်းဖက်ရှင်စတိုးရဲ့ CEO နဲ့ တည်ထောင်သူ ဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ ၁၄ ဦးမြောက် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ်။ အိမ်ထောင်ကွဲထားပြီး ကလေးသုံးယောက်ဖခင်ဖြစ်တဲ့ မာအီဇာဝါဟာ အသားတင် ဒေါ်လာ ၂ ဘီလျံခန့် ကြွယ်ဝသူဖြစ်သလို ဂျပန်နိုင်ငံရဲ့ အကြီးဆုံး အွန်လိုင်းဖက်ရှင် လက်လီဝက်ဘ်ဆိုက်ဖြစ်တဲ့ Zozotwon ကို တည်ထောင်ထားပါတယ်။


Author


က္က