ဥပဒေနဲ့ကန့်သတ်သွားဖို့ရှိပါတယ်
Nyein Min Wai

အမေရိကန်နိုင်ငံ နက်ရှ်ဗီးလ်မြို့မှာ ပထမဆုံးအကြိမ် လျှပ်စစ်စကူတာကြောင့် လူသေဆုံးမှု ဖြစ်ပြီးနောက် လမ်းပေါ်မှာ စကူတာများ စီးနင်းမှု ပိတ်ပင်လိုက်ပါတယ်။


         မြို့တော်ဝန် ဒေးဗစ်ဘရီလေးဟာ နက်ရှ်ဗီးလ်မှာ ရှိတဲ့ စကူတာကုမ္ပဏီ ၇ ခုုကို pilot ပရောဂျက် အဆုံးသတ်လိုက်ပြီ ဖြစ်ကြောင်း အသိပေးထားပြီး လမ်းပေါ်မှာ လျှပ်စစ်စကူတာတွေကို ပိတ်ပင်သွားမယ်လို့လည်း သူ့ရဲ့ Twitter မှာ ရေးထားပါတယ်။ ဘရီလေးအနေနဲ့ယခုလို ပိတ်ပင်ဖို့ကို အသေအချာ စဉ်းစားပြီးမှ ဆုံးဖြတ်လိုက်တာ ဖြစ်ကြောင်းနဲ့ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ကတည်းက လျှပ်စစ်စကူတာတွေကို ပိတ်ပင်ဖို့ရက် ၃၀ နို့တစ်စာ ပို့ထားတယ်လို့ဆိုပါတယ်။

Photo: newschannel9

         Tennessean သတင်းအရ အသက် ၂၆ နှစ်အရွယ် ဘရက်ဒီဂေါကီ ဆိုသူဟာ ပြီးခဲ့တဲ့ မေလထဲမှာ စကူတာစီးရင်း ကားတစ်စီးနဲ့တိုက်မိတာ သေဆုံးခဲ့တယ်လို့ဖော်ပြထားပါတယ်။ ဂေါကီဟာ စကူတာ မောင်းနေစဉ်မှာ သတ်မှတ်ထားတဲ့ အယ်လ်ကိုဟောပမာဏထက် ၂ ဆကျော် သောက်ထားပြီး ယာဉ်တိုက်မှုအတွက် တာဝန်ရှိတယ်လို့ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

         နက်ရှ်ဗီးလ်မြို့ဟာ စကူတာကုမ္ပဏီ ၇ ခု ရှိပြီး လမ်းပေါ်မှာ သွားလာနေတဲ့ စကူတာပေါင်း ၄ထောင်ခန့်ရှိတယ်လို့ဆိုပါတယ်။ မြို့တော်ဝန် ဘရီလေးကတော့ နက်ရှ်ဗီးလ်မြို့တော် ကောင်စီနဲ့တိုင်ပင်ပြီး စကူတာ ကုမ္ပဏီ ၁ ခု ၂ ခု ပဲ ခွင့်ပြုဖို့စီစဉ်နေပါတယ်။ ကုမ္ပဏီတွေအနေနဲ့လည်း မြို့တော် သယ်ယူပို့ဆောင်ရေးလိုင်စင်ကော်မရှင်ရဲ့ ကွပ်ကဲမှုနဲ့လုပ်ဆောင်ရဖို့ရှိတယ်လို့Tennessean မှာ ဖော်ပြထားပါတယ်။

Photo: slashgear

         ၂၀၁၇ နောက်ပိုင်းကစပြီး သော့ခတ်စရာမလိုတဲ့ လျှပ်စစ်စကူတာတွေဟာ နက်ရှ်ဗီးလ်မှာ ခေတ်စားလာခဲ့တာပါ။ မြို့တော်အာဏာပိုင်တွေဟာ စကူတာကုမ္ပဏီတွေကို ပါမစ်လျှောက်ဖို့ဖိအားပေးခဲ့သလို စကူတာ အရေအတွက်ကိုလည်း စည်းကမ်းတင်းကြပ်ဖို့ကြိုးစားခဲ့ပါတယ်။ နယူးယော့ခ်ပြည်နယ်ဟာ မကြာသေးခင်က လျှပ်စစ်စကူတာ ဥပဒေတွေ ထုတ်ပြန်ခဲ့ပေမယ့် မြို့အများစုမှာ စကူတာကုမ္ပဏီတွေကို ကိုယ်ပိုင်နည်းဥပဒေတွေ ထုတ်ပြန်ခြင်း မပြုလုပ်ရသေးပါဘူး။

         ရောဂါထိန်းချုပ်မှုနဲ့ကာကွယ်ရေးဌာန CDC ရဲ့ အဆိုအရ အမေရိကန်တနံတလျားမှာ ၂၀၁၈ စက်တင်ဘာ ၅ ရက်ကနေ နိုဝင်ဘာ ၃၀ အတွင်း စကူတာ စီးနင်းတာနဲ့ဆက်စပ်ပြီး လူပေါင်း ၂၇၁ ဦး ထိခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က