Facebook ခုံရုံးလာပါပြီ

Facebook ပလက်ဖောင်းပေါ်က အကြောင်းအရာတွေကို စောင့်ကြည့်ထိန်းကျောင်းဖို့အတွက် လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းတဲ့ ဘုတ်အဖွဲ့တစ်ခုမှာ Facebook ဟာ ‌ဒေါ်လာသန်း ၁၃၀ ရန်ပုံငွေ မတည်သွားမယ်လို့ ဆိုပါတယ်။

လူမှုကွန်ရက်ပေါ် ရောက်လာတဲ့ contents တွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ ခုံရုံးတစ်ခုလို ဖြစ်လာမယ့် ဒီအဖွဲ့အစည်းအတွက် ပဏာမ ဘုတ်အဖွဲ့ဝင်တွေကို လာမယ့် ၂၀၂၀ မှာ ကြေညာသွားမှာပါ။ Facebook ရဲ့ အထူးခုံရုံးလို့ တင်စားခေါ်နေကြတဲ့ ဒီဘုတ်အဖွဲ့ဟာ Facebook CEO မတ်ခ်ဇူကာဘတ်ခ်အပါအဝင် Facebook က ဘယ်သူ့ဘယ်သူရဲ့ ဩဇာမှ နာခံစရာမလိုဘဲ လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်လာမယ်လို့ Variety သတင်းက ဖော်ပြထားပါတယ်။



Photo: Nasdaq

Facebook လူမှုကွန်ရက်ပေါ်က စောဒဂ တက်စရာ content တွေကို ဒီဘုတ်အဖွဲ့ထံ တိုင်ကြားနိုင်မှာပါ။ ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း နှစ်ပတ်အတွင်း စနစ်တကျရှင်းလင်းချက်နဲ့အတူ အများပြည်သူရှေ့မှောက် ချပြသွားမယ်လို့ ဆိုပါတယ်။ ပြင်ပလောကမှာ ရှိတဲ့ တရားရုံးတွေမှာလိုပဲ ကန့်ကွက်လိုသူတွေအနေနဲ့ ပြန်ပြီး အယူခံဝင်နိုင်မှာပါ။

၂၀၂၀ ပထမနှစ်ဝက်အတွင်းမှာ စတင်တည်ထောင်သွားမယ့် ဒီအဖွဲ့အစည်းဟာ ကုမ္ပဏီအတွင်းက ဝန်ထမ်းတွေနဲ့ လွတ်လပ်တဲ့ ဘုတ်အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းသွားမှာပါ။ Oversight Board ဟာ Facebook ရဲ့ လူမှုကွန်ရက်စံနှုန်းတွေအတိုင်း ဆုံးဖြတ်ချက်တွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဒီအဖွဲ့အစည်းဟာ အကြမ်းဖက်မှုနဲ့ ရာဇဝတ်မှုနွှယ်တဲ့ အကြောင်းအရာများ ၊ သတ်မှတ်ထားတဲ့ လူမှုကွန်ရက်စံ ချိုးဖောက်တဲ့ လုပ်ရပ်များကို တားဆီးမယ့်အပြင်Facebook ဝန်ဆောင်မှုပေါ်က ကြော်ငြာကိစ္စတွေမှာပါ အဆုံးအဖြတ်လုပ်သွားမှာပါ။

အစောပိုင်းက Facebook ဟာ ဒီနှစ်ထဲမှာ စောင့်ကြည့်ရေးဘုတ်အဖွဲ့အတွက် အဖွဲ့ဝင်နဲ့ အမှုဆောင်တွေ ကြေညာဖို့ စီစဉ်ခဲ့ပေမယ့် ၂၀၂၀ ကို ရွှေ့ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ ဘုတ်အဖွဲ့ဟာ အဖွဲ့ဝင် ၄၀ အထိ ပါဖို့ ရှိပြီး ကနဦးမှာတော့ Facebook ကော်မရှင်အဖွဲ့ကနေ ရွေးချယ်မှာပါ။ နောက်ပိုင်းမှာ ဘုတ်အဖွဲ့ကိုယ်တိုင်က အဖွဲ့ဝင်ရွေးချယ်မှု ပြုလုပ်သွားမှာပါ။

Photo: Engadget

Oversight Board အဖွဲ့အတွက် ပဏာမရန်ပုံငွေ ဒေါ်လာသန်း ၁၃၀ မတည်လိုက်တာ ဖြစ်ပြီး ရုံးခန်းနေရာ ၊ ဝန်ထမ်းစရိတ်နဲ့ ခရီးသွားကုန်ကျငွေတွေကို Facebook က ထုတ်ပေးသွားမှာပါ။ ဒီပဏာမ ရန်ပုံငွေဟာ ၆ နှစ် (သို့မဟုတ်) သုံးနှစ်သက်တမ်း ၂ ကြိမ်အထိ ပေးသွားမှာ ဖြစ်ပြီး ပထမ ၆ နှစ်ကုန်ဆုံးချိန်မှာလည်း နောက်ထပ် ရန်ပုံငွေတွေ ပေးသွားမယ်လို့ Engadget သတင်းက ဆိုပါတယ်။

ဒီဘုတ်အဖွဲ့ဟာ လူမှုကွန်ရက်ပေါ်က အကြောင်းအရာများ ကိုင်တွယ်ဖြေရှင်းရာမှာ ပွင့်လင်းမြင်သာမှုအားနည်းတယ်လို့ ဝေဖန်ခံနေရတဲ့ Facebook ရဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်တစ်ရပ်လည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က