Google နဲ့ Apple တို့ကလည်း ထောက်ပံ့မှုတွေ လုပ်သွားမှာပါ

အမေရိကန်နည်းပညာကုမ္ပဏီကြီးတစ်ချို့ဟာ လူမည်းအမျိုးသားများအတွက် ကူညီထောက်ပံ့မှုတွေ ပေးမယ့်အကြောင်း ကြေညာလာပါတယ်။

ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်ကုမ္ပဏီကြီးဖြစ်တဲ့ Facebook ဟာ အမေရိကန်မှာ ရှိတဲ့ လူမည်းအမျိုးသားများပိုင်ဆိုင်တဲ့ စီးပွားရေးနဲ့ အဖွဲ့အစည်းတွေမှာ ထောက်ပံ့ဖို့ ဒေါ်လာသန်း ၂၀၀ သုံးစွဲသွားမယ်လို့ The Verge သတင်းက ဆိုပါတယ်။ ဒီထောက်ပံ့မှုဟာ လူမည်းနဲ့မတူကွဲပြားတဲ့ လူ့အသိုင်းအဝိုင်းများအတွက် ဒေါ်လာ ၁.၁ ဘီလျံရင်းနှီးမြှပ်နှံမှုလုပ်မယ့် အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း Facebook COO ဖြစ်သူ ရှားလ်ဆန်းဘာ့ဂ်ရဲ့ ဘလော့ဂ်မှာ ဖော်ပြထားပါတယ်။



Photo: businesblog


Facebook အနေနဲ့ လူမည်းအမျိုးသားများအကြာင်း ဇာတ်လမ်းတွေ ၊ လူမျိုးရေး မမျှတတဲ့ခွဲခြားမှုတွေကို တိုက်ဖျက်ဖို့အတွက် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ပညာရေးအရင်းအမြစ်တွေအကြောင်း Facebook app မှာ ကဏ္ဍတစ်ခုအနေနဲ့ ထပ်သွင်းပေးသွားမှာပါ။ Facebook အမှုဆောင်အရာရှိချုပ် မတ်ခ်ဇူကာဘတ်ခ်ကလည်း ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့ကတည်းက လူမျိုးရေးတရားမျှတမှုအတွက် အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းတွေအတွက် ဒေါ်လာ ၁၀ သန်း ပံ့ပိုးမယ်လို့ ကတိပြုခဲ့ပါတယ်။

Facebook ဟာ လူမည်းပိုင် Suppliers တွေမှာ နှစ်စဉ် ဒေါ်လာသန်း ၁၀၀ ရင်းနှီးမြှပ်နှံသွားမယ်လို့ ကတိပြုထားပါတယ်။ ၂၀၂၃ ခုနှစ်အကုန်မှာ Facebook အနေနဲ့ လူမည်းနဲ့ လက်တင်အမေရိကမှ ဝန်ထမ်းတွေကို နှစ်ဆတိုး ခန့်အပ်သွားဖို့လည်း စီစဉ်နေတယ်လို့ ဆိုပါတယ်။ လာမယ့် ၅ နှစ်အတွင်း ကုမ္ပဏီအနေနဲ့ ထိပ်ပိုင်း ခေါင်းဆောင်မှုနေရာတွေမှာ လူမည်းအမျိုးသားအရေအတွက် ၃၀% ထပ်တိုးသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။


Photo: brayve

လူမှုကွန်ရက်ကုမ္ပဏီအနေနဲ့ Facebook Blueprint ပရိုဂရမ်ကနေ တစ်ဆင့် ဒီဂျစ်တယ်ကျွမ်းကျင်မှုသင်တန်းအတွက် လူမည်းကျောင်းသားတွေကို စကော်လားရှစ် ၁ သိန်းပေးမယ်လို့လည်း ဆိုပါတယ်။ Google ကလည်း လူမျိုးရေးသာတူညီမျှမှု ဖြစ်စေဖို့ လူမည်းပိုင်စီးပွားရေးလုပ်ငန်းတွေကို ဦးတည်ပြီး ဒေါ်လာ ၁၇၅ သန်း သုံးစွဲသွားမှာ ဖြစ်သလို အမေရိကန်စမတ်ဖုန်းကုမ္ပဏီကြီး ဖြစ်တဲ့ Apple ကလည်း ပညာရေး ၊ စီးပွားရေး နဲ့ တရားစီရင်ရေး ပြန်လည်ဖွဲ့စည်းဖို့အတွက် ဒေါ်လာသန်း ၁၀၀ တန် စီမံကိန်းတစ်ခု စတင်နေတယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ ကမ္ဘာအနှံ့အပြားမှာ လူမည်းအမျိုးသားများ ဖြစ်တဲ့ ဂျော့ချ်ဖလွိုက် ၊ ဘရီယွန်နာ တေလာ နဲ့ အာမက်အာဘရီတို့ အသတ်ခံရပြီးနောက် လူမည်းတွေရဲ့ အသက်က အရေးကြီးတယ်ဆိုတဲ့ Black Lives Matter ဆန္ဒပြမှုတွေ မြင့်တက်နေချိန်မှာ အခုလို ထောက်ပံ့မှုတွေ ပေးလာတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က