#Enough နာမည်နဲ့စတင်ခဲ့တာပါ
Nyein Min Wai

အွန်လိုင်းလူမှုကွန်ရက်တွေပေါ်က လူမျိုးရေးခွဲခြားမှုတွေကို ကန့်ကွက်ဆန္ဒပြဖို့ပရီးမီးယားလိဂ် ဘောလုံးသမားတွေဦးဆောင်ပြီး #Enough ဆိုတဲ့ ကမ်ပိန်းတစ်ခု စတင်ခဲ့ပါတယ်။

Photo: AFP.com

         သောကြာနေ့က စတင်ပြီး လူမှုကွန်ရက်တွေကို ၂၄ နာရီအကြာ ဆန္ဒပြခဲ့တဲ့ ဒီကမ်ပိန်းကို ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အစည်းအရုံး PFA ကနေ ဦးဆောင်ခဲ့တာ ဖြစ်ပြီး လူမှုကွန်ရက်တွေနဲ့အာဏာပိုင်တွေကို ပိုပြီး အရေးယူမှု လုပ်ဆောင်ပေးဖို့ရည်ရွယ်ချက်နဲ့စတင်ခဲ့တာပါ။ ဒီလှုပ်ရှားမှုမှာ ဘောလုံးလောကမှာ လူမျိုးရေး ခွဲခြားစော်ကားမှု ခံနေရတဲ့ စပါးနောက်ခံလူ ဒန်နီရို့စ်လည်း ပါဝင်ခဲ့ပါတယ်။

         ဒီကမ်ပိန်းကို ထောက်ခံနေသူတွေထဲမှာ မန်စီးတီးမှ ကီဗင်ဒီဘရွန်း ၊ ရီးရဲလ်မက်ဒရစ်မှ ဂါရတ်ဘေးလ် ၊ အာဆင်နယ် နောက်ခံလူ ဟက်တာဘယ်လာရင် ၊ အင်္ဂလန် ကွင်းလယ်လူဟောင်း မတ်လီတစ်ဆီယာ နဲ့အာဆင်နယ်အမျိုးသမီး အသင်းခေါင်းဆောင်ဟောင်း အလက်စကော့တို့လည်း ပါဝင်နေတယ်လို့CNN သတင်းမှာ ဖော်ပြထားပါတယ်။ မန်ချက်စတာ ယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ချ်ဖို့လည်း ဒီကမ်ပိန်းရဲ့ သင်္ကေတကို သူ့ရဲ့ Twitter မှာ profile ပုံအဖြစ် ပြောင်းလိုက်ပါတယ်။

Photo: The Star

         PFA ကတော့ ဒီကမ်ပိန်းဟာ ဘောလုံးလောကအတွင်း လူမျိုးရေးခွဲခြားမှုကို ဖြေရှင်းမယ့် ကမ်ပိန်းအရှည်ကြီးတစ်ခုရဲ့ ပထမ ခြေလှမ်းလို့ဆိုပါတယ်။ PFA ရဲ့ တန်းတူညီမျှရေးဆိုင်ရာ အကြီးအကဲ ဆီမွန်နီပေါင်ကတော့ " ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ကျွန်တော်တို့တတွေဟာ Social Media နဲ့ကမ္ဘာ့တစ်လွှားက ဘောလုံးကွင်းတွေမှာ လူမျိုးရေးခွဲခြားစော်ကားမှုတွေမြင့်တက်လာတာကို မြင်နေရပါတယ်။ ဒီလက်မခံနိုင်တဲ့ အပြုအမှုကို ဖြေရှင်းဖို့မလုံလောက်တာကို သည်းမခံပါဘူး" လို့ပြောခဲ့ပါတယ်။

         အင်္ဂလန်မှ လူမည်းကစားသမားတွေဟာ ပြီးခဲ့တဲ့လက မွန်တီနီဂရိုးမှာ ယူရို ၂၀၂၀ qualifier ပွဲစဉ်အတွင်း လူမျိုးရေးခွဲခြားမှုတွေနဲ့ဆက်တိုက်ကြုံခဲ့တာပါ။ ဒန်နီရို့စ်ကတော့ ဒီကစားပွဲကနေ ထွက်ချင်စိတ်ကို မထိန်းနိုင်အောင် ဖြစ်မိတယ်လို့ပြောခဲ့သလို လူမျိုးရေး ခွဲခြားမှုကို အပြစ်ပေးတဲ့ ဘောလုံးအဖွဲ့အာဏာပိုင်တွေကလည်း ဟာသလိုပဲလို့ပြောခဲ့ပါတယ်။ PFA ကတော့ လူမျိုးရေးခွဲခြားခံရတဲ့ ကစားသမားတွေဘက်ကနေ ရပ်တည်ကြောင်းနဲ့လူမှုကွန်ရက်ပေါ်က လူမျိုးရေးခွဲခြားမှုတွေကို ပြင်းပြင်းထန်ထန်အရေးယူဖို့ပါ တောင်းဆိုထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က