ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ပိုပြီး အသုံးတွင်ကျယ်လာဖို့ ရှိပါတယ်
Nyein Min Wai

တရုတ်နိုင်ငံရဲ့ အကြီးဆုံး စိုက်ပျိုးရေးဒရုန်းကုမ္ပဏီတစ်ခုဟာ ဒရုန်းအခြေပြု တိုက်ရိုက်အစေ့ချစနစ်ကို တရုတ်မှာ အသုံးပြုနေတယ်လို့ ဆိုပါတယ်။

ကမ္ဘာအကြီးဆုံး ဆန်စပါးထုတ်လုပ်စားသုံးတဲ့ တရုတ်နိုင်ငံမှာ COVID-19 ကာလ လုပ်သားအင်အား ပြတ်လပ်မှုကြောင့် အလိုအလျောက် စပါးစိုက်ပျိုးတဲ့ နည်းပညာကို သုံးလာတာ ဖြစ်ပါတယ်။ Xaircraft လို့ ခေါ်ခဲ့တဲ့ XAG ဒရုန်းကုမ္ပဏီဟာ ဒရုန်းနဲ့ တိုက်ရိုက်မျိုးစေ့ချစနစ် JetSeed နည်းပညာကို သုံးပြီး စိုက်ပျိုးနေတာပါ။

Photo: The Star

XAG ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလကနေ စတင်ပြီး တရုတ်နိုင်ငံ ပြည်နယ် ၁၁ ခုမှ ဆန်စပါးကွက် စတုရန်းမီတာ သန်း ၆၅၀ ကျော်ကို JetSeed နည်းပညာနဲ့ စိုက်ပျိုးနိုင်ခဲ့တယ်လို့ South China Morning Post သတင်းမှာ ဖော်ပြထားပါတယ်။ ဒီနည်းပညာဟာ လူအားသုံးပြီး မျိုးစေ့စိုက်ပျိုးတဲ့ စနစ်အစား အလိုအလျောက်နည်းပညာနဲ့ အစားထိုး စိုက်ပျိုးရာမှာ သုံးနိုင်မှာပါ။

ကုမ္ပဏီအနေနဲ့ စပါးစိုက်တောင်သူငယ်များနဲ့ တောင်သူကြီးသမားတွေ ပိုမိုအသုံးပြုနိုင်ဖို့ မျှော်လင့်ထားပါတယ်။ အထူးသဖြင့် COVID-19 ရောဂါခြိမ်း‌ခြောက်မှု နဲ့ လယ်ယာလုပ်သား ရှားပါးမှုပြဿနာကို ဒီနည်းပညာက ဖြေရှင်းပေးနိုင်ဖို့လည်း ရှိပါတယ်။ ဒရုန်းနဲ့ စပါးစိုက်တဲ့ JetSeed နည်းပညာဟာ လူအင်အား သုံးစရာမလိုသလို လူလုပ်သားတွေထက်လည်း ပိုမိုမြန်ဆန်မယ်လို့ ဆိုပါတယ်။

XAG ဟာ ဂွမ်ဒေါင်းပြည်နယ်မှာ သရုပ်ပြစိုက်ပျိုးမှု လုပ်ခဲ့ပါတယ်။ ပထမတစ်ကြိမ် လုပ်သား ၂ ဦး လက်နဲ့ မျိုးစပါး ၅ ကီလိုဂရမ်ကို စတုရန်းမီတာ ၁၂၀၀ ကျယ်တဲ့ လယ်ကွက်ထဲ စိုက်ပျိုးစေရာမှာ အချိန် ၂၅ မိနစ် ကြာမြင့်ခဲ့ပေမယ့် XAG ဒရုန်းနဲ့ စိုက်ချိန်မှာ ၂ မိနစ်ပဲ ကြာခဲ့တာ ဖြစ်ပါတယ်။ ဒီဒရုန်းဟာစတုရန်းမီတာ ၅ သောင်းပတ်လည်ကျယ် လယ်တစ်ကွက်ကို တစ်နာရီအတွင်း စိုက်ပျိုးနိုင်ပြီး အနည်းဆုံး လယ်လုပ်သား ၅၀ အားနဲ့ ညီမျှတဲ့ ရလဒ်ထုတ်နိုင်တယ်လို့ ဆိုပါတယ်။



"သမရိုးကျ စပါးစိုက်ပျိုးမှုဟာ လယ်ယာလုပ်သားတွေရဲ့ လက်နဲ့ စိုက်ပျိုးမှုအပေါ် အများကြီး မှီခိုနေပါတယ် ။ ရွှံ့နွံလယ်ထဲမှာ စိုက်ရတာ ဖြစ်လို့ နှေးကွေးပြီး ခရီးမတွင်ပါဘူး" လို့ XAG ရဲ့ ပူးတွဲတည်ထောင်သူနဲ့ CEO ပန်ဂ်ဘင်က ပြောပါတယ်။ ဒရုန်းနဲ့ မျိုးစေ့ချ စိုက်ပျိုးစနစ်ဟာ မျိုးစေ့နဲ့ မြေဩဇာများ အလေအလွင့်လည်း နည်းစေမယ်လို့ ဆိုပါတယ်။

အလိုအလျောက် စနစ်တွေဟာ ကဏ္ဍအသီးသီးမှာ တွင်ကျယ်အရေးပါလာပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး ကြုံလာချိန်မှာလည်း အလိုအလျောက် စိုက်ပျိုးရေးစနစ်ပေါ် ဈေးကွက်တောင်းဆိုမှုတွေ မြင့်လာတယ်လို့လည်း ပန်ဂ်ဘင်က ပြောထားပါတယ်။


က္က