Nyein Min Wai

မြန်မာလူငယ်များအတွက် အခွင့်အလမ်းများ ချိတ်ဆက်မျှဝေပေးသွားဖို့ရည်ရွယ်ပြီး POINT Youth Platform ကို ဇွန်လ ၃၀ ရက်နေ့က အမေရိကန်စင်တာမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။

 

POINT Youth Platform ဟာ လက်ရှိမှာ Digital Media အနေနဲ့ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတစ်ခု စတင်တည်ထောင်လိုသူ လူငယ်များ ၊ ဘဝတိုးတက်ရေးအတွက် အခွင့်အလမ်းရှာဖွေနေသူများအတွက် သတင်းအချက်အလက်နဲ့သိမှတ်ဖွယ်ရာ ဗဟုသုတများကို တင်ဆက်ပေးနေတယ်လို့ဆိုပါတယ်။

ပညာပေး ဒစ်ဂျစ်တယ်မီဒီယာအဖြစ် တည်ထောင်ခြင်းဟာ လူငယ်အကျိုးပြု စာစောင်နည်းပါးမှုကွက်လပ်ကို ဖြည့်ဆည်းဖို့၊ လူငယ်တိုင်း ငွေကုန်ကြေးကျသက်သာစွာနဲ့သတင်းအချက်အလက်ရယူနိုင်စေဖို့ရည်ရွယ်ချက်နဲ့တည်ထောင်ထားတာလို့ဒီ platform ကို တည်ထောင်သူနဲ့စီမံခန့်ခွဲမှု ဒါရိုက်တာ ဖြစ်သူ မရတနာက ပြောပါတယ်။ ဒါ့အပြင် စီးပွားရေးလုပ်ငန်းများအချင်းချင်း ပိုမို ထိတွေ့ဆက်ဆံမှုရရှိစေဖို့ Networking Events များ ၊ အသိအမြင်တိုးတက်ရေးအတွက် ဟောပြောဆွေးနွေးပွဲများလည်း ဦးစီး ကျင်းပပေးနေတယ်လို့သိရပါတယ်။

POINT Youth Platform တည်ထောင်ဖြစ်ပုံနဲ့ပတ်သတ်ပြီး မရတနာက "Youth Magazine တစ်ခု စတင်တည်ထောင်မယ်ဆိုတဲ့ အိုင်ဒီယာနဲ့ YSEALI SEED fellowship မှာ ရွေးချယ်ခံခဲ့ရပါတယ်။ ၆ လ ကြာမြင့်တဲ့ အွန်လိုင်းပညာသင်ကြားရေးနဲ့ အသေးစားစီးပွားရေးတစ်ခု ဘယ်လိုတည်ထောင်ရတယ်ဆိုတာ သင်ကြားခဲ့ရပါတယ်။ အမေရိကန်နိုင်ငံက အသေးစားစီးပွားရေးလုပ်ငန်းတွေအကြောင်းကိုလည်း University of Connecticut မှာနေပြီး ငါးပတ်တာလေ့လာခွင့်ရခဲ့ပါတယ်” လို့ပြောပါတယ်။

ဒီ Platform မှာ လုပ်ငန်းရှင်လူငယ်တိုင်း သိထားသင့်တဲ့ စီးပွားရေးဆိုင်ရာ သတင်းများ ၊ လုပ်ငန်းခွင်တိုးတက်အောင်မြင်ရေးဆိုင်ရာ နည်းဗျူဟာများ ၊ ပညာရေးသတင်းများ ၊ နိုင်ငံတကာ ပညာသင်ဆု အစီအစဉ်များ ၊ ဘဝတက်လမ်းရှာဖွေကြိုးစားနေသူ လူငယ်တို့ရဲ့ ဘဝဇာတ်ကြောင်းများပါ တင်ဆက်ပေးနေတယ်လို့ဆိုပါတယ်။

 

နောက်ပိုင်းမှာတော့ POINT Youth Platform ကို လူငယ်တိုင်း ပါဝင်နိုင်တဲ့ Incubation Center တစ်ခု ဖြစ်လာစေဖို့ဦးတည်ချက်ထား ထားတယ်လို့လည်း သိရပါတယ်။

 


Author


က္က