အွန်လိုင်းကနေ ကြားနာစစ်ဆေးသွားဖို့ ရှိပါတယ်

အမေရိကန်ထိပ်တန်းနည်းပညာကုမ္ပဏီကြီး ၄ ခု ဖြစ်တဲ့ Amazon ၊ Facebook ၊ Google နဲ့ Apple တို့ရဲ့ CEO များကို အိမ်ဖြူတော်လွှတ်တော်ကိုယ်စားလှယ်များရှေ့မှာ စုံစမ်းစစ်ဆေးမှု လုပ်သွားတော့မှာပါ။

စုံစမ်းစစ်ဆေးရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ ကြားနာစစ်ဆေးမှုကို ဇူလိုင်လ ၂၇ ရက်နေ့မှာ လုပ်ဆောင်သွားမယ်လို့ Reuters သတင်းက ဆိုပါတယ်။ အိမ်ဖြူတော် တရားရေးဆိုင်ရာ ဈေးကွက်ပြိုင်ဆိုင်မှုဆပ်ကော်မတီဟာ Amazon CEO ဂျက်ဖ်ဘီဇော့စ် ၊ Google CEO ဆွန်ဒါပီချိုင်း ၊ Apple CEO တင်မ်ကွတ်နဲ့ Facebook CEO မတ်ခ်ဇူကာဘတ်တို့ကို စုံစမ်းစစ်ဆေးမှု လုပ်သွားမှာပါ။



Photo: straitstimes

"အစပိုင်းတုန်းက ပြောထားသလိုပါပဲ။ သက်သေခံစစ်ဆေးမှုဟာ ဒီစုံစမ်းမှုပြီးမြောက်ဖို့ ကျွန်တော်တို့အတွက် မရှိမဖြစ်ပါပဲ။" လို့ အိမ်ဖြူတော် ဈေးကွက်ပြိုင်ဆိုင်မှုရေးရာ ဆပ်ကော်မတီဥက္ကဌ ဒေးဗစ်စစ္စလိုင်းနဲ့ တရားရေးဌာနအကြီးအကဲ ဂျရိုးလ်နက်ဒလာတို့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကြားနာမှုကိုတော့ အွန်လိုင်းကနေပဲ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ စုံစမ်းစစ်ဆေးမယ့် အစီအစဉ်အသေးစိတ် မသိရသေးပေမယ့် အမေရိကန်တရားရေးဌာနဟာ ဒီနည်းပညာကုမ္ပဏီကြီး ၄ ခုအပေါ် စုံစမ်းစစ်ဆေးမှုတွေ ရှိထားပါတယ်။ Facebook နဲ့ Amazon တို့ဟာ ဖက်ထရယ်ကုန်သွယ်ရေးကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ရင်ဆိုင်နေရပါတယ်။

အမေရိကန်ပြည်နယ်ရှေ့နေတွေဟာ Facebook နဲ့ Google ပေါ် စွပ်စွဲမှုများ ရှိနေပါတယ်။ Google ကို ကြော်ငြာဈေးကွက်ထိန်းချုပ်မှု ၊ Facebook ကိုတော့ လုပ်ငန်းဝယ်ယူမှု ၊ Apple App Store ဈေးကွက်လက်ဝါးကြီးအုပ်မှုနဲ့ Amazon ရဲ့ လက်ဝေခံရောင်းချသူတွေပေါ် ဈေးကွက်ကျင့်သုံးမှုတွေကို စုံစမ်းစစ်ဆေးသွားဖို့ ရှိပါတယ်။


Share

Loading Next Article...
က္က