Twitter ကတော့ ပလက်ဖောင်းပေါ်က Hide ခဲ့ပါတယ်

မင်နီယာပိုလစ် ကန့်ကွက်ဆန္ဒပြမှုအ‌ပေါ် ခြိမ်းခြောက်မှတ်ချက်စကားဆိုခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပို့စ်ကို ဖယ်ရှားမှု မလုပ်တဲ့အပေါ် ဒါဇင်နဲ့ချီတဲ့ Facebook ဝန်ထမ်းများဟာ ကုမ္ပဏီကို သပိတ်မှောက်ဆန္ဒပြခဲ့ပါတယ်။

Facebook ဝန်ထမ်းတစ်ချို့ဟာ ပြီးခဲ့တဲ့တစ်ပတ် သမ္မတဒေါ်နယ်ထရမ့်တင်တဲ့ ပို့စ်နဲ့ ပတ်သက်ပြီး ကုမ္ပဏီ CEO ဖြစ်သူ မတ်ခ်ဇူကာဘတ်ခ်ရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ဖို့ Virtual Walkout တစ်ခု လုပ်ဆောင်ခဲ့တယ်လို့ The New York Times သတင်းမှာ ဖော်ပြခဲ့ပါတယ်။ တနင်္လာနေ့မှာ အိမ်ကနေ အလုပ်လုပ်နေဆဲဖြစ်တဲ့ Facebook ဝန်ထမ်းတွေဟာ နိုင်ငံအနှံ့က ဆန္ဒပြမှုတွေကို ထောက်ခံဖို့ အလုပ်မဆင်းခဲ့ကြသလို ထရမ့်ရေးတဲ့ ပို့စ်အပေါ် ကုမ္ပဏီရဲ့ အရေးမယူမှုနဲ့ပတ်သက်လို့ ကန့်ကွက်တဲ့အနေနဲ့ ရုံးမတက်တာဖြစ်ကြောင်း အလိုအလျောက်အီးမေးမက်ဆေ့ချ်တွေ ချန်ခဲ့ကြပါတယ်။




Photo: dhakatribune

အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ်မှ လူမည်းအမျိုးသားဂျော့ချ် ဖလွိုက် အသက်သေဆုံးစေခဲ့တဲ့အထိ ဖြစ်စေခဲ့တဲ့ ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်အပေါ် ပြည်သူများ ပေါက်ကွဲဆန္ဒပြနေချိန်မှာ သမ္မတထရမ့်ဟာ လူမှုကွန်ရက်စာမျက်နှာတွေ ဖြစ်တဲ့ Twitter နဲ့ Facebook တို့ပေါ်ကနေတစ်ဆင့် "လုယက်သောင်းကြမ်းလာရင် စပြီး ပစ်ခတ်သွားမယ်" လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

Twitter ဟာ ဒီ Tweet ကို အကြမ်းဖက်မှုကို အားပေးအားမြှောက်လုပ်ခြင်းကို ဆန့်ကျင်တဲ့အနေနဲ့ လူမှုကွန်ရက်စာမျက်နှာကနေ Hide လုပ်ခဲ့လို ပလက်ဖောင်းပေါ်မှာ ရှိတဲ့ တစ်ခြားသူတွေ Like / Reply နဲ့ Retweet လုပ်လို့ မရအောင် ကန့်သတ်ခဲ့ပါတယ်။ Facebook ရဲ့ CEO မတ်ခ်ဇူကာဘတ်ကတော့ နိုင်ငံရေးသမားတွေရဲ့ ပြောစကားကို လူတိုင်း မြင်သင့်တယ်ဆိုပြီး ဖယ်ရှားမှု မလုပ်ခဲ့ပါဘူး။

မတ်ခ်ဇူကာဘတ်ရဲ့ ဆုံးဖြတ်ချက်အပေါ် Facebook ဝန်ထမ်းတွေဟာ အကြီးအကျယ် ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။ ဒီထဲမှာ Facebook News Feed ထုတ်ကုန်ဒီဇိုင်း ညွှန်ကြားရေးမှူး ရိုင်ယန်ဖရိုင်းတက်စ်လည်း ပါဝင်ပါတယ်။ "မတ်ခ် မှားတယ်။ သူ့စိတ်ကို ပြောင်းလဲဖို့ ဖြစ်နိုင်သမျှ အကျယ်လောင်ဆုံးနည်းလမ်းတွေနဲ့ ကျွန်တော် ကြိုးစားသွားမှာပါ" လို့ သူက ဆိုပါတယ်။

Photo: khou

"ပလက်ဖောင်းတစ်ခုဟာ အကြမ်းဖက်မှုနဲ့ သတင်းအချက်အလက်မှားတွေ ပြန့်အောင် အားပေးအားမြှောက်လုပ်နေတာဟာ လက်မခံနိုင်စရာပါ။ ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်လိုပဲ သတင်းအဖြစ် မှတ်သားစရာကောင်းကောင်းပေါ့" လို့ Facebook ရဲ့ Portal ထုတ်ကုန်ပိုင်း ဒီဇိုင်းအကြီးအကဲ အန်ဒရူးချောင်ကလည်း ပြောပါတယ်။

တနင်္လာနေ့က Facebook နဲ့ မတ်ခ်ဇူကာဘတ်ခ်တို့ရဲ့ ဆုံးဖြတ်ချက်ပေါ် ဝန်ထမ်းတွေရဲ့ လူသိရှင်ကြား ဝေဖန်မှုတွေ လုပ်လာပြီးနောက် ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး သဘောမတူတဲ့အခါ ပွင့်ပွင့်လင်းလင်း ပြောကြားဖို့ ဝန်ထမ်းများကို တိုက်တွန်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ The New York Times သတင်းအရ Facebook ဝန်ထမ်းတစ်ချို့ဟာ ကုမ္ပဏီကနေ နှုတ်ထွက်ဖို့ပါ ခြိမ်းခြောက်ထားတယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က