Cryptocurrency Exchange တစ်ခုကနေ မြောက်ကိုရီးယား ဟက်ကာများ ခိုးယူထားတဲ့ ဒေါ်လာ သန်း ၂၅၀ တန် Cryptocurrency တွေကို တရုတ်လူမျိုး ၂ ဦးက ငွေကြေး ခဝါချမှု လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်တရားရေးဌာနက ထုတ်ပြန်ပါတယ်။
တီရန်ယင်ယင်နဲ့ လီဂျာဒေါင်းဆိုသူ တရုတ်နိုင်ငံသား ၂ ဦးဟာ ၂၀၁၇ ဒီဇင်ဘာကနေ ၂၀၁၉ ဧပြီလအတွင်း မြောက်ကိုရီးယားဟက်ကာတွေ ခိုးယူထားတဲ့ Cryptocurrency တွေထဲက ဒေါ်လာသန်း ၁၀၀ ကို iTunes Gift Cards များနဲ့ လဲလှယ်တာမျိုးအပါအဝင် တစ်ခြား နည်းလမ်းတွေနဲ့ ငွေကြေး ခဝါချပေးခဲ့တယ်လို့ The Varge သတင်းက ဆိုပါတယ်။
Photo: Bleeping Computer
ဒါ့အပြင် လိုင်စင်မရှိဘဲ ငွေကြေးလွှဲပြောင်းတဲ့ စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ယင်ယင်နဲ့ လီဂျာဒေါင်းတို့ဟာ ၂၀၁၇ ခုနှစ်ကတည်းက ရာဇဝတ်မှုမှာ ပါဝင်ခဲ့ပေမယ့် တရားရေးဌာန DOJ ရဲ့ ကြေညာချက်ထဲမှာတော့ ၂၀၁၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ Crypto ငွေလဲလုပ်ငန်းတစ်ခုရဲ့ ငွေခိုးမှုကို ရည်ညွှန်းဖော်ပြခဲ့ပါတယ်။
၂၀၁၈ ခုနှစ်က Lazarus Group နဲ့ ဆက်စပ်နေတဲ့ မြောက်ကိုရီးယားဟက်ကာတွေရဲ့ malware ကို Cryptocurrency Exchange ရုံးဝန်ထမ်းတစ်ဦး ဒေါင်းလုပ်ဆွဲမိပြီးနောက် ဒေါ်လာသန်း ၂၅၀ ခန့် တန်တဲ့ Cryptocurrency များ အခိုးခံခဲ့ရတာပါ။ ဟက်ကာတွေဟာ Exchange ထဲက Crypto ငွေကြေးများ ရယူဖို့ Private keys များနဲ့ ဖောက်သည်အချက်အလက်များ ရရှိသွားခဲ့ပါတယ်။
တီရန်ဟာ ဒေါ်လာ ၁.၄ သန်းခန့် တန်တဲ့ Bitcoin များကို iTunes ငွေဖြည့် gift cards အဖြစ် ပြောင်းခဲ့တယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနက ဆိုပါတယ်။ "မြောက်ကိုရီးယားဟက်ကာတွေရဲ့ အကျိုးအတွက် Virtual ငွေကြေး ငွေလဲလုပ်ငန်းတွေ ဆိုက်ဘာတိုက်ခိုက်ခံရခြင်းနဲ့ ဆက်စပ်တဲ့ ငွေကြေး ခဝါချမှုဟာ ကမ္ဘာ့ဘဏ္ဍာရေးစနစ် လုံခြုံမှုနဲ့ ညီညွတ်မျှတမှုအတွက် စိုးရိမ်စရာ ခြိမ်းခြောက်မှု ဖြစ်စေပါတယ်။" လို့ ကိုလံဘီယာခရိုင် ရှေ့နေ တင်မိုသီ ဂျေ ရှီးယားက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Photo: thehackernews
DOJ ရဲ့ အဆိုအရ မြောက်ကိုရီးယားအစိုးရဟာ Crypto ဖောက်ထွင်းမှုက ရတဲ့ ငွေတွေကို Hacking ကမ်ပိန်း လုပ်ဆောင်မှုတွေမှာ သုံးတဲ့ အခြေခံအဆောက်အဦအတွက် သုံးခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေကတော့ ဒီငွေတွေကို နျူကလီးယားလက်နက် အစီအစဉ်အတွက် သုံးခဲ့တယ်လို့ ပြောခဲ့ပါတယ်။
မြောက်ကိုရီးယားဟက်ကာတွေဟာ ၂၀၁၉ နိုဝင်ဘာလက တောင်ကိုရီးယားအခြေစိုက် Virtual currency Exchange တစ်ခုကနေ ဒေါ်လာ ၄၈.၅ သန်းခန့် ခိုးယူမှုမှာလည်း ပတ်သက်နေတယ်လို့ ဆိုပါတယ်။