Cybertruck မိတ်ဆက်အပြီး အီလွန်မတ်စ် တစ်နေ့တည်းနဲ့ ဒေါ် ၇၈၆ သန်း အရှုံးပေါ်ခဲ့ပါတယ်
Nyein Min Wai

သရုပ်ပြ မိတ်ဆက်မှုအတွင်း ရှက်စရာကောင်းတဲ့ အဖြစ်နဲ့ ကြုံခဲ့ရပေမယ့် Cybertruck ကို ဝယ်ယူဖို့ စိတ်ဝင်စားသူတွေကလည်း သိန်းနဲ့ချီ ရှိခဲ့ပါတယ်။

Cybertruck ကားသစ် မိတ်ဆက်အပြီး တနင်္ဂနွေနေ့ညမှာ Tesla ရဲ့ CEO အီလွန်မတ်စ်ဟာ ဒီကားကို ဝယ်ဖို့ အော်ဒါမှာထားသူ ၁၈၇၀၀၀ အထိ ရှိနေတယ်လို့ ဆိုပါတယ်။ CNBC ရဲ့ နောက်ဆုံးရသတင်းမှာတော့ Cybertruck အတွက် အော်ဒါအမှာစာ ၂ သိန်း ရထားပြီ ဖြစ်ကြောင်း အီလွန်မတ်စ်ရဲ့ Tweet ကို ကိုးကားဖော်ပြထားပါတယ်။

Photo: CNN


Cybertruck ဝယ်ဖို့ စိတ်ဝင်စားသူတွေဟာ Tesla ကို pre order ကြေး ဒေါ်လာ ၁၀၀ ကို အပ်ငွေအဖြစ် ပေးထားရမယ်လို့ ဆိုပါတယ်။ ဒီ pre order ငွေကို အပြည့်အဝ ပြန်ပေးသွားမှာ ဖြစ်တယ်လို့လည်း Cybertruck Motor Vehicle Pre Order သဘောတူညီချက်မှာ ဖော်ပြထားပါတယ်။ မှာယူထားတဲ့ Cybertruck ယာဉ် ထုတ်လုပ်ပြီးတာနဲ့ ကားအရည်အသွေး စစ်ဆေးဖို့ အော်ဒါမှာထားသူကို ဖိတ်ကြားပြီး မူရင်းဈေးနဲ့အတူ နောက်ထပ် ထပ်ဖြည့်ချင်တဲ့ အစိတ်အပိုင်းတွေအတွက် ကျသင့်မယ့်ငွေပမာဏကို ထုတ်ပေးသွားမှာပါ။

ဒေါ်လာ ၃၉၉၀၀ ဈေးကနေ စတင် ရောင်းချသွားမယ့် Cybertruck ဟာ မော်တာ တစ်လုံးတပ် ၊ နှစ်လုံးတပ်နဲ့ သုံးလုံးတပ်ဆိုပြီး ဗားရှင်း ၃ မျိုးနဲ့ ထွက်ထားပါတယ်။ အနိမ့်ဆုံးမော်ဒယ်ဟာ တစ်ခါအားသွင်းပြီး မိုင် ၂၅၀ အထိ သွားနိုင်ပြီး ၆.၅ စက္ကန့်အတွင်း တစ်နာရီ ၆၅ မိုင်နှုန်းအထိ အရှိန်တင်နိုင်မယ်လို့ ဆိုပါတယ်။ တစ်ခါအားသွင်းပြီးတာနဲ့ မိုင် ၅၀၀ အထိ သွားနိုင်မယ့် အမြင့်ဆုံးမော်ဒယ်ကတော့ ၂၀၂၂ နောက်ပိုင်းမှ ထုတ်လုပ်သွားဖို့ ရှိပြီး ဒေါ်လာ ၆၉၉၀၀ ဈေးနဲ့ ရောင်းချသွားမှာပါ။

နိုဝင်ဘာ ၂၁ ရက်က ကယ်လီဖိုးနီးယားပြည်နယ် Tesla Design Center မှာ မိတ်ဆက်ပြသသွားတဲ့ Cybertruck ဟာ ဈေးကွက်ထဲမှာ တစ်ခါမှ မမြင်ဖူးသေးတဲ့ သိပ္ပံစိတ်ကူးယဉ်ထရပ်ကားဆန်ဆန် အကြမ်းခံပစ်ကပ်ထရပ်သစ် ဖြစ်ပါတယ်။ SpaceX အာကာသယာဉ်မှာလိုမျိုး စတိန်းလတ်စတီး ကိုယ်ထည်သုံးထားတဲ့ ဒီပစ်ကပ်ကားရဲ့ အကြမ်းခံမှုကို သရုပ်ပြဖို့ စင်ပေါ်မှာ သရုပ်ပြမှုလုပ်ချိန်မှာတော့ တလွဲတချော်တွေ ဖြစ်ခဲ့ပါတယ်။


Photo: Fast Company


ကားဘော်ဒီကို အကြီးစားတူနဲ့ အကြိမ်ကြိမ် ထုနှက်ခဲ့ပြီး အစင်းရာ မထင်ခဲ့တဲ့ Cybertruck ပြတင်းမှန်တွေကို သတ္ထုလုံးနဲ့ ပစ်ပေါက်ရာမှာတော့ နှစ်ကြိမ်စလုံး မှန်ကွဲခဲ့ပြီး မတ်စ်ကိုယ်တိုင် မယုံနိုင်အောင် ဖြစ်သွားခဲ့ပါတယ်။ ပြပွဲမတိုင်ခင်က ကားမှန်တွေကို အလားတူ စတီးဘောလုံးနဲ့ အကြိမ်ကြိမ် ပစ်ပေါက်ခဲ့စဉ်က မှန်အက်တာမျိုးတောင် မဖြစ်ခဲ့ဘူးလို့ Twitter ပေါ်က မတ်စ်က ဖြေဆိုခဲ့ပါတယ်။

Cybertruck မိတ်ဆက်ပွဲမှာ တလွဲတချော်ဖြစ်သွားတဲ့ ဂယက်ကြောင့် Tesla ရှယ်ယာဈေး ၆% ကျဆင်းသွားခဲ့သလို အီလွန်မတ်စ်ရဲ့ ဓနဥစ္စာထဲက တစ်ရက်တည်းနဲ့ ဒေါ်လာ ၇၈၆ သန်း လျော့ကျသွားခဲ့တယ်လို့ Forbes က ဆိုပါတယ်။ အသက် ၄၈ နှစ်အရွယ် ဘီလျံနာ အီလွန်မတ်စ်ဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲမှာ အဆင့် ၄၁ နေရာက ရှိနေသူ ဖြစ်ပြီး Cybertruck သရုပ်ပြမှုအပြီးမှာ ဒေါ်လာ ၂၃.၆ ဘီလျံပဲ ကြွယ်ဝတော့တယ်လို့လည်း သိရပါတယ်။


Author


က္က