Nyein Min Wai

COVID-19 ကာကွယ်ရေးကာလအတွင်း ဆက်သွယ်ရေးအော်ပရေတာများအနေနဲ့ ပိုမိုကောင်းမွန်သက်သာတဲ့ မိုဘိုင်းဒေတာနှုန်းထားများ အချိန်နဲ့ တစ်ပြေးညီ ထပ်မံဖြေလျှော့ပေးသွားဖို့ ယုံကြည်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ သတင်းထုတ်ပြန်ပါတယ်။

ဧပြီလ ၂ ရက်နေ့ကCOVID-19 ကာကွယ်ရေးအတွင်း မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ရဲ့ နည်းပညာဆိုင်ရာလုပ်ငန်းအကောင်အထည်ဖော်မှုများအကြောင်း အွန်လိုင်းရုပ်သံသတင်းစာရှင်းလင်းပွဲမှာ သတင်းထုတ်ပြန်လိုက်တာပါ။ 

Photo: Anadolu Agency

"COVID-19 ကာကွယ်နေချိန်အတွင်း မိမိတို့၏ နေအိမ်မှ နေ၍ အေးဆေးစွာ အလုပ်လုပ်နိုင်စေရန်နဲ့ ပညာရပ်များသင်ယူနိုင်စေရန်အတွက် ဆက်သွယ်ရေး လုပ်ငန်းများ၏ မိုဘိုင်းဒေတာနှုန်းထားများ လျှော့ချပေးမှုကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ လှိုက်လှဲစွာ ကြိုဆိုပါကြောင်း နဲ့ ပိုမိုကောင်းမွန်သက်သာသည့်နှုန်းထားများကိုလည်း အချိန်နှင့် တစ်ပြေးညီ ထပ်မံဖြေလျှော့ပေးနိုင်မည်ဟု ယုံကြည်ကြောင်း" သတင်းထုတ်ပြန်ချက်မှာ ဆိုပါတယ်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဟာ မတ်လ ၃၀ ရက်နေ့ကလည်း မိုဘိုင်းဒေတာအသုံးပြုသူများ ဈေးနှုန်းသက်သာစွာ အသုံးပြုနိုင်ရေးအတွက် Price Floor သတ်မှတ်ခြင်းဖြေလျှော့ပေးဖို့ နဲ့ e-Learning site များ Video conferencing ပလက်ဖောင်းများကို ကာလတစ်ခု သတ်မှတ်ပြီး မိုဘိုင်းဒေတာ အခမဲ့ဖြစ်စေ သက်သာတဲ့ နှုန်းထားနဲ့ဖြစ်စေ အသုံးပြုခွင့်ရရှိရေးအတွက် ဆက်သွယ်ရေးကုမ္ပဏီများကို တင်ပြညှိနှိုင်းထားကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဧပြီ ၁ ရက်နေ့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ လူမှုကွန်ရက်စာမျက်နှာမှာလည်း ပြည်တွင်းအော်ပရေတာများရဲ့ မိုဘိုင်းဝန်ဆောင်ခနှုန်းထား အနိမ့်ဆုံးသတ်မှတ်ချက်ကို မတ်လ ၂၇ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ဖြေလျှော့ပေးထားကြောင်း ကြေညာခဲ့ပါတယ်။ အာဆီယံနိုင်ငံနှစ်ခုဖြစ်တဲ့ ထိုင်းနဲ့ မလေးရှားမှ အော်ပရေတာတွေဟာလည်း ကိုရိုနာဗိုင်းရပ်စ်ကာလ အခမဲ့မိုဘိုင်းဒေတာများ ပေးအပ်သွားမယ်လို့ ဆိုပါတယ်။ 

Photo: MCF / Facebook

လက်ရှိမှာ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဟာ သတင်းအချက်အလက် နည်းပညာကဏ္ဍမှ နေပြီး COVID-19 ကာကွယ်တုံ့ပြန်‌ရေးအတွက် ပြည်တွင်းပြည်ပပညာရှင်များပါဝင်တဲ့ Technology Taskforce တစ်ခုအား အဖွဲ့ ၁၄ ဖွဲ့နဲ့ ဖွဲ့စည်းပြီး ပူးပေါင်းကူညီဆောင်ရွက်ပေးနေပါတယ်။ နည်းပညာဆိုင်ရာ စီမံကိန်းတွေအနေနဲ့ COVID-19 ကာကွယ်ရေးဆိုင်ရာ ဗဟုသုတနဲ့ သတင်းအချက်အလက်များ အလွယ်တကူဝင်ရောက်လေ့လာနိုင်စေဖို့ COVID-19 Portal တစ်ခုနှင့် Chatbot များ တည်ဆောက်ခြင်း ၊ Quarantine Reporting နဲ့ Tracing app များ ရေးဆွဲခြင်းအပြင် COVID-19 ကာကွယ်ရေးလုပ်ငန်းစဉ်များမှာ လိုအပ်တဲ့ နည်းပညာများ ပံ့ပိုးပေးခြင်းများ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က