ခွေးတွေနဲ့ စက်ရုပ်နည်းပညာတွေကို ရဲတပ်ဖွဲ့မှာ အသုံးပြုလာတာ ကြာပြီ ဖြစ်ပေမယ့် ခွေးစက်ရုပ်ကိုတော့ အခုမှ စတင် အသုံးပြုလာတာလို့ ဆိုနိုင်ပါတယ်။
မက်ဆာချူးဆက် ပြည်နယ်ရဲတပ်ဖွဲ့ဟာ Boston Dynamics က ထုတ်တဲ့ Spot လို့ခေါ်တဲ့ ခွေးပုံစံ စက်ရုပ်တွေကို အသုံးပြုလာတဲ့ ပထမဆုံး ဥပဒေစိုးမိုးရေးအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ မက်ဆာချူးဆက်ပြည်နယ် အမေရိကန်ပြည်သူများ လွတ်လပ်ခွင့်ဆိုင်ရာသမဂ္ဂ ACLU ကနေ ထုတ်ပြန်တဲ့ အချက်အလက်အရ မက်ဆာချူးဆက်ပြည်နယ်ရဲတပ်ဖွဲ့ဟာ စက်ရုပ်တွေ ဝယ်ယူသုံးစွဲရေးအတွက် တောင်းဆိုထားတဲ့ မှတ်တမ်းတွေ ရထားတယ်လို့ ဆိုပါတယ်။
Photo: Engadget
Engadget သတင်းမှာတော့ ပြည်နယ်ရဲ ဗုံးရှာဖွေရေးအဖွဲ့ဟာ ဩဂုတ်လကနေ နိုဝင်ဘာလအတွင်း Boston Dynamics ရဲ့ Spot စက်ရုပ်တွေ ငှားထားတယ်လို့ ဖော်ပြထားပါတယ်။ Spot စက်ရုပ်တွေကို အန္တရာယ်ရှိတဲ့ နေရာတွေနဲ့ သံသယဖြစ်ဖွယ် အရာဝတ္ထုတွေကို ရှာဖွေဖော်ထုတ်ဖို့ အဝေးထိန်း မိုဘိုင်း ရှာဖွေရေးပစ္စည်းတစ်ခုအနေနဲ့ သုံးတာ ဖြစ်တယ်လို့ ACLU ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
Spot စက်ရုပ်တွေဟာ အလိုအလျောက် စနစ်သုံးနိုင် မသုံးနိုင်ဆိုတာ မသိရသေးပေမယ် စက်ရုပ်ရဲ့ ဆော့ဖ်ဝဲလ်ကို customize ပြင်တာနဲ့ လက်နက်တပ်ဆင်တာမျိုး မလုပ်ဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ Boston Dynamic ရဲ့ လိုင်စင်မှာလည်း Spot စက်ရုပ်တွေကို လူတွေ အန္တရာယ်ပြု ခြောက်လှန့်ဖို့ ကိစ္စတွေမှာ အသုံးမပြုဘူးလို့ ဖော်ြပထားပါတယ်။
" စက်ရုပ်နည်းပညာဟာ တရားဥပဒေစိုးမိုးရေးမှာ အရေးပါတဲ့ လက်နက်တစ်ခုပါ။ ဘာလို့လဲဆိုတော့ ဘေးအန္တရာယ်ရှိနိုင်တဲ့ ပတ်ဝန်းကျင်တွေရဲ့ အခြေအနေကို ထောက်လှမ်းနိုင်စွမ်း ရှိလို့ပါပဲ" လို့ မက်ဆာချူးဆက် ပြည်နယ်ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒေးဗစ်ပရိုကော်ပီယိုက WBUR ကို ပြောပါတယ်။
Spot တွေဟာ open API နဲ့ လာပြီး အထွေထွေကိစ္စတွေမှာ အသုံးပြုနိုင်တဲ့ စက်ရုပ်တွေ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ လုပ်ငန်းရည်ရွယ်ချက်ပေါ်လိုက်ပြီး Spot တွေရဲ့ ဆော့ဖ်ဝဲလ်ကို လိုသလို ပြန်ပြီး customize လုပ်နိုင်မှာပါ။ ခြေလေးချောင်းအပြင် လိုသလို လှုပ်ရှားနိုင်တဲ့ လက်တစ်ဖက်နဲ့ ၃၆၀ ဒီဂရီလှည့်ရိုက်နိုင်မယ့် Low-Light ကင်မရာတစ်လုံးလည်း တပ်ဆင်ထားပါတယ်။
Boston Dynamics ဟာ လူတစ်ယောက်လိုမျိုး ပြေးနိုင်ခုန်နိုင်ပြီး လှေကားအတက်အဆင်း လုပ်နိုင်တဲ့ SpotMini ဆိုတဲ့ စက်ရုပ်တွေပါ တီထွင်ထားပါတယ်။ ဒီစက်ရုပ်တွေကတော့ သွားမယ့်အရပ်ကို အလိုအလျောက် လမ်းကြောင်းရှာပြီး အတားအဆီးတွေ ရှောင်တိမ်းသွားနိုင်တဲ့ စက်ရုပ်တွေ ဖြစ်ပါတယ်။