နှစ်ကုန်ပိုင်း ဈေးကွက်ထဲ ရောက်လာမှာပါ

ကမ္ဘာကျော် အမေရိကန်ဆိုင်ကယ်ကုမ္ပဏီ Harley-Davidson ကနေ လျှပ်စစ်စွမ်းအင်သုံး ဆိုင်ကယ်အဖြစ် ပထမဆုံး မိတ်ဆက်လိုက်တဲ့ LiveWire ကတော့ ဈေးကွက်ထဲ ရောက်လာတော့မှာပါ။

         တစ်ခါအားသွင်းပြီး မိုင် ၁၁၀ အထိ မောင်းနှင်နိုင်မယ့် ဒီဆိုင်ကယ်ဟာ ၃.၅ စက္ကန့်အတွင်း ရပ်နေတဲ့ အနေအထားကနေ တစ်နာရီ မိုင် ၆၀ နှုန်းအထိ အရှိန်တင်နိုင်မယ်လို့ဆိုပါတယ်။ CES ပွဲမှာ ပြသခဲ့တဲ့ LiveWire မှာ ဘက်ထရီအားသွင်းမှုအနေအထားအပါအဝင် ဆိုင်ကယ်ရဲ့ အခြေအနေအားလုံးကို ပြသပေးမယ့် H-D Connect ဆိုတဲ့ တည်နေရာပြ စနစ်တွေ ပါဝင်ပါတယ်။

         ဒီဆိုင်ကယ်မှာ တာယာနဲ့လမ်း ပွတ်တိုက်မှုကို ထိန်းတဲ့ စနစ်နဲ့လမ်းကွေ့တွေမှာ လမ်းကနေ မချော်အောင် ဘရိတ်ထိန်းတဲ့ စနစ်တွေ ပါဝင်မယ်လို့ဆိုပါတယ်။ တစ်ခုကောင်းတာက Livewire ဟာ app ကနေ ဆိုင်ကယ်ရဲ့ ဘယ်အပိုင်း ပျက်စီးမှု ဖြစ်နေပြီဆိုတာကို သိလို့ရနိုင်သလို ကိုယ်ရောက်နေတဲ့ တည်နေရာကိုလည်း ကြည့်နိုင်တာပါ။

         လျှပ်စစ်ဘီးဖြစ်တဲ့ ဒီဆိုင်ကယ်အတွက် အရေးကြီးဆုံးတစ်ခု ဖြစ်တဲ့ အားသွင်းမယ့် နေရာကိုပါ ပြသပေးသွားမှာ ဖြစ်ပြီး အရည်အသွေးမြင့် Brembo ဘရိတ်များ ၊ လိုသလို ချိန်ညှိနိုင်တဲ့ Showa suspension စနစ် နဲ့ပြင်သစ် တာယာကုမ္ပဏီ Michelin ရဲ့ sport တာယာများ အသုံးပြုထားပါတယ်။ နှစ်ပေါင်း ၁၁၅ နှစ် ကျော်ကြာအောင် ဂုဏ်သိက္ခာကြီးကြီးနဲ့ရပ်တည်ခဲ့တဲ့ Harley-Davidson ရဲ့ ပထမဆုံး လျှပ်စစ်ဆိုင်ကယ်ရဲ့ ဈေးကလည်း လန့်လောက်ပါတယ်။

         သြဂုတ်လကုန်ပိုင်းကစပြီး ဈေးကွက်ထဲ ရောက်လာမယ့် LiveWire ဆိုင်ကယ်ကို ၂၉၇၉၉ ဒေါ်လာ (မြန်မာငွေ ၄၅၈ သိန်းကျော်) ဈေးနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။ တစ်ခါအားသွင်းရင် မိုင် ၁၁၀ အထိ သွားနိုင်တဲ့ ဒီဆိုင်ကယ်ရဲ့ ဈေးဟာ တစ်မိုင်ခရီးသွားတိုင်း ၂၇၀.၉ ဒေါ်လာတန်နေတယ်လို့တောင် ပြောရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က