တစ်ချို့မက်ဆေ့တွေကို လူ ၅ ယောက်ပဲ ပို့လို့ရတော့မှာပါ
Nyein Min Wai

အမုန်းစကားပျံ့နှံ့မှု ဖြေရှင်းတဲ့ အနေနဲ့Facebook ဟာ မြန်မာနဲ့သီရိလင်္ကာတို့မှာ Messenger ကနေ စာပေးပို့မှုကို ကန့်သတ်သွားမယ်လို့ဆိုပါတယ်။


         ဇွန်လ ၂၀ ရက်နေ့က တင်ထားတဲ့ Facebook ရဲ့ ဘလော့ဂ်မှာ တစ်ချို့မက်ဆေ့တွေကို အကြိမ်ရေ ကန့်သတ်ပြီး ပြန် Share ခွင့်ပဲ ပေးမယ်လို့ဆိုပါတယ်။ ဒီလို ကန့်သတ်မှုမှာ ပါတဲ့ မက်ဆေ့တစ်စောင်ကို လူ ၅ ဦးပဲ ပေးပို့ခွင့် ပြုတာဖြစ်ပြီး သီရိလင်္ကာနဲ့မြန်မာမှ Facebook သုံးစွဲသူတွေအကြား အမုန်းစကား ပျံ့နှံ့မှုကို ဒီနည်းနဲ့ထိန်းချုပ်သွားမှာပါ။

         Facebook ဟာ ပြီးခဲ့တဲ့နှစ်ကလည်း WhatsApp မှာ မက်ဆေ့ပေးပို့မှု ကန့်သတ်တဲ့ စနစ်ကို ကျင့်သုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က အိန္ဒိယ WhatsApp သုံးစွဲသူတွေဟာ မက်ဆေ့တစ်စောင်ကို လူ ၅ ဦးအထိပဲ ပို့နိုင်ခဲ့ပြီး တစ်ခြားဈေးကွက်တွေမှာ လူအယောက် ၂၀ ကို ပို့နိုင်ခဲ့တာပါ။ Facebook ကတော့ ဒီ feature ကို users တစ်ချို့က တောင်းဆိုထားတယ်လို့ပြောပါတယ်။







Photo: slate

         ပြီးခဲ့တဲ့ ဧပြီလ တနင်္ဂနွေ အီစတာပွဲတော်ကာလအတွင်း သီရိလကာၤမှ ရိုမန်ကတ်သလစ် ဘုရားကျောင်းနဲ့အဆင့်မြင့်ဟိုတယ်တွေ အပါအဝင် နေရာ ၈ နေရာမှာ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားပြီး လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒီအကြမ်းဖက်မှုဖြစ်ပြီးနောက် သီရိလင်္ကာအစိုးရဟာ ပြည်သူများအကြား သတင်းအချက်အလက် အမှားဖြန့်ချိမှုကနေ ကာကွယ်ဖို့လူမှုကွန်ရက်တွေကို ပိတ်ချထားခဲ့ပါတယ်။

         မြန်မာနိုင်ငံမှာတော့ Facebook ဟာ လက်နက်ကိုင်အဖွဲ့အစည်းများ ၊ တပ်မတော်နဲ့ဆက်စပ်နေတဲ့ အကောင့်များ ၊ page များကို ပိတ်ပင်အရေးယူထားပါတယ်။ မြန်မာနိုင်ငံဟာ Facebook သုံးစွဲသူ ၁၈ သန်းကျော် ရှိထားပြီး ၂၀၁၈ နှစ်ဝက်အတွင်း Facebook ဟာ မြန်မာနိုင်ငံလူမှုကွန်ရက်အသိုင်းအဝိုင်းကနေ တက်လာတဲ့ အမုန်းစကားတွေရဲ့ ၅၂% ကို ကြိုတင်ထောက်လှမ်းနိုင်တယ်လို့ဆိုပေမယ့် ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်း ၆ ခုမှ Facebook ဟာ အမုန်းစကားပျံ့နှံ့မှုအပေါ် လုံလောက်တဲ့ အရေးယူဆောင်ရွက်မှု မလုပ်ခဲ့ဘူးလို့အိတ်ဖွင့်စာပေးပို့ပြီး ဝေဖန်ခဲ့ပါတယ်။

Photo: Duwun Tech

         Facebook ဟာ ပြီးခဲ့တဲ့ တစ်ပတ်ထဲမှာပဲ Ooredoo Myanmar နဲ့GSMA တို့နဲ့ပေါင်းပြီး အင်တာနက်အသိပညာပေးမယ့် Intenet 1O1 ဆိုတဲ့ အစီအစဉ်တစ်ခုကို ပထမဆုံးအကြိမ် စတင်လုပ်ဆောင်ခဲ့ပါတယ်။ သုံးလအတွင်း လူပေါင်း ၅ သိန်းကို အင်တာနက်ဘေးကင်းစွာ သုံးစွဲနည်း သင်ပေးမယ့် ဒီပရိုဂရမ်ဟာ ဇွန်လကစပြီး နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံအနျံ့က Ooredoo အရောင်းဆိုင် ၆၀၀ ခန့်မှာ ပြုလုပ်သွားမယ်လို့သတင်းထုတ်ပြန်ထားပါတယ်။

         ၂၀၁၉ မေလထဲမှာ Facebook အနေနဲ့အမုန်းစကားတွေရဲ့ ၆၅% ကို သိရှိဖယ်ရှားခဲ့ပြီး ၂၀၁၉ မတ်လအကုန်အထိ အမုန်းစကားပို့စ်ပေါင်း ၄ သန်း ဖြုတ်ချခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ Facebook ဟာ ဖိလစ်ပိုင် ၊ အိန္ဒိယနဲ့အင်ဒိုနီးရှားအပါအဝင် နိုင်ငံတစ်ချို့မှာ အမုန်းစကားနဲ့ပတ်သက်ပြီး စိန်ခေါ်မှုတွေ ရှိနေပါတယ်။ အင်ဒိုနီးရှားရွေးကောက်ပွဲကာလအတွင်း အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့တဲ့ အဓိကရုဏ်းကာလမှာလည်း အင်ဒိုနီးရှားဟာ သတင်းမှား မပျံ့နှံ့စေဖို့Facebook ၊ WhatsApp ၊ Instagram တို့ကို သုံးစွဲွင့် ကန့်သတ်ခဲ့ပါတယ်။

      


Author


က္က