မရိုးဖြောင့်တဲ့ အပြုအမူတွေကြောင့် အရေးယူတာလို့ဆိုပါတယ်

Facebook ဟာ ရခိုင်အရေးနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်အပေါ် ပိတ်ပင်အရေးယူမှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

Photo: RNTV



         ပြီးခဲ့တဲ့ သြဂုတ်လက စပြီး Facebook ဟာ ပြည်တွင်းမှ ရာနဲ့ချီတဲ့ page နဲ့Facebook အကောင့်တွေ ဖယ်ရှားခဲ့ပါတယ်။ Facebook ကတော့ ဒါဟာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက် သတ်ဖြတ်မှုများကို ဖြစ်ပွားစေတဲ့ သတင်းတုနဲ့အမုန်းစကားတွေကို ဖြန့်ဖြုးခဲ့တဲ့ မြန်မာအစိုးရနဲ့ဆက်စပ်ပြီး အရေးယူခဲ့တာလို့ဆိုပါတယ်။

         Facebook ရဲ့ ထုတ်ပြန်ချက်မှာတော့ မရိုးဖြောင့်တဲ့ လုပ်ရပ်တွေမှာ ပါဝင် ပတ်သက်ခဲ့တဲ့ မြန်မာအစိုးရနဲ့ဆက်နွှယ်မှုရှိတဲ့ Facebook page ပေါင်း ၄၂၅ ခု ၊ အကောင့်ပေါင်း ၁၃၅ ခု ၊ group ၁၇ ခု နဲ့Instagram အကောင့် ၁၅ ခု တို့ကို ဖယ်ရှားခဲ့တယ်လို့ဖော်ပြထားပါတယ်။ ဒီ page တွေ နဲ့အကောင့်တွေဟာ အမှီအခိုကင်းတဲ့ သတင်း ၊ ဖျော်ဖြေရေး ၊ အလှအပနဲ့lifestyle စာမျက်နှာတွေလိုမျိုး တင်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ စစ်တပ်နဲ့ပတ်သက်မှု ရှိတာ ၊ အရင်အရေးယူထားတဲ့ pages တွေနဲ့ဆက်စပ်မှု ရှိနေတာ တွေ့ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

         " ဒီ page တွေကို ဖယ်ရှားဖို့ကျွန်တော်တို့ဆုံးဖြတ်ရာမှာ သူတို့တင်တဲ့ content အမျိုးအစားထက် ဒီလူတွေရဲ့ အပြုအမှုတွေ အခြေခံပြီး ဖယ်ရှားခဲ့တာပါ" လို့Facebook ရဲ့ ဘလော့မှာ ဖော်ပြထားပါတယ်။ အခုလို အပိတ်ခံလိုက်ရတဲ့ page တွေထဲမှာ follower ၂.၅ သန်း ရှိတဲ့ page တစ်ခုလည်း ပါဝင်တယ်လို့Facebook က ဆိုပါတယ်။

         Facebook ဟာ သြဂုတ်လ ၂၇ ရက်နေ့က followers ၁.၃ သန်းကျော် ရှိထားတဲ့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကောင့်အပါအဝင် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းပေါင်း ၂၀ ကို ပိတ်ပင်အရေးယူခဲ့ပါတယ်။ ဒီလို ပိတ်ခံလိုက်ရတဲ့ အထဲမှာ လူပေါင်း ၁၂ သန်း နီးပါး follow လုပ်ထားတဲ့ Facebook page ပေါင်း ၅၂ ခု နဲ့Facebook အကောင့် ၁၈ ခု ၊ Instagram အကောင့် ၁ ခု တို့ပါဝင်နေပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်ရဲ့ သတင်းစကားများကို ထည့်သွင်းဖော်ပြနေတဲ့ page ၄၆ ခုနဲ့အယောင်ဆောင် အကောင့် ၁၂ ခုလည်း ဖယ်ရှားခဲ့တယ်လို့ဆိုပါတယ်။

Photo: News Nation

         မြန်မာနိုင်ငံဟာ Facebook သုံးစွဲသူ ၁၈ သန်းကျော် ရှိထားပြီး ၂၀၁၈ နှစ်ဝက်အတွင်း Facebook ဟာ မြန်မာနိုင်ငံလူမှုကွန်ရက်အသိုင်းအဝိုင်းကနေ တက်လာတဲ့ အမုန်းစကားတွေရဲ့ ၅၂% ကို ကြိုတင်ထောက်လှမ်းနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။ Facebook ဟာ အမုန်းစကား တင်ကြိုကာကွယ်မှုအဖြစ် အမျိုးသားရေး တက်ကြွလှုပ်ရှားသူများ ဖြစ်တဲ့ ဆရာတော်ဦးဝီရသူ ၊ ဦးသုစိတ္တ ၊ ဦးပါမောက္ခ တို့နှင့် မဘသနှင့် ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းတို့အဖွဲ့အစည်းမျာကိုလည်း Facebook ပလက်ဖောင်းပေါ်မှာ ဖယ်ရှားထားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က