ကားကုမ္ပဏီတွေလည်း အသက်ရှုစက် ထုတ်လာပါတယ်
Nyein Min Wai

Tesla အင်ဂျင်နီယာတွေဟာ ကိုရိုနာဗိုင်းရပ်စ်လူနာတွေအတွက် အသက်ရှုအကူစက်တစ်မျိုးကို ဒီဇီုင်းရေးဆွဲထားပါတယ်။

COVID-19 ကပ်ရောဂါဘေးအတွင်း အသက်ရှုစက်ပြတ်လပ်မှုကို ဖြေရှင်းဖို့အတွက် Tesla မှ ပညာရှင်တွေဟာ အသက်ရှုစက် ဗားရှင်းနှစ်မျိုးကို ဒီဇိုင်းဆွဲမိတ်ဆက်ခဲ့ပါတယ်။ တစ်မျိုးက တပ်ဆင်ခြင်း မရှိရသေးတဲ့ ဗားရှင်းနဲ့ နောက်တစ်မျိုးက ဆေးရုံတွေမှာ အရေးပေါ်လိုတာနဲ့ သုံးနိုင်မယ့် အသင့်ထုတ်ပိုးပြီး မော်ဒယ် ဖြစ်ပါတယ်။

ဒီမော်ဒယ်နှစ်မျိုးစလုံးကို Tesla ရဲ့ YouTube ချန်နယ်ကနေ မိတ်ဆက်ပြသခဲ့ပါတယ်။ ပြီးခဲ့တဲ့လက နယူးယော့ခ်မြို့တော်ဝန် ဘီလ်ဒီဘလာဆီယိုဟာ COVID-19 လူနာများအတွက် Ventilators များ ထုတ်လုပ်ပေးဖို့ Tesla ကို တောင်းဆိုခဲ့ပါတယ်။ Tesla ရဲ့ CEO အီလွန်မတ်စ်ကလည်း အသက်ရှုစက် တည်ဆောက်ပေးဖို့ ကတိပေးခဲ့ပါတယ်။



Tesla ဟာ ရှိရင်းစွဲ ဒီဇိုင်းမျိုး မသုံးဘဲ အသက်ရှုစက်သစ် တီထွင်ဖို့ ကြိုးပမ်းတာကြောင့် ဝေဖန်ခံနေရပါတယ်။ YouTube ဗွီဒီယိုမှာ Tesla အင်ဂျင်နီယာတစ်ဦးက ဘာကြောင့် ကိုယ်ပိုင်အသက်ရှုစက် ဒီဇိုင်းသစ် ထုတ်ဖို့ လုပ်ခဲ့သလဲဆိုတာကို ပြန်ရှင်းထားပါတယ်။ "ကျွန်တော်တို့ ကောင်းကောင်း သိနားလည်တဲ့ ပစ္စည်းအစိတ်အပိုင်းတွေပဲ သုံးချင်ပါတယ်။ နောက်ပြီး သုံးရတာလည်း စိတ်ချရမှု ရှိသလို အများကြီးလည်း ထုတ်လုပ်နိုင်တယ်လေ" လို့ Tesla အင်ဂျင်နီယာတစ်ဦးက ဆိုပါတယ်။

ကုမ္ပဏီထုတ် အသက်ရှုစက်ဟာ Tesla Model 3 ကားတွေရဲ့ infotainment screen နဲ့ ကွန်ပျူတာတွေ အပါအဝင် Model S ရဲ့ Suspension စနစ်များလည်း ပြန်သုံးပြီး တည်ဆောက်ထားတာ ဖြစ်တယ်လို့ The Verge သတင်းက ဆိုပါတယ်။ သီအိုရီအရ ဒီပစ္စည်းအစိတ်အပိုင်းတွေ သုံးခြင်းဟာ စက်ထုတ်လုပ် ဖွံ့ဖြိုးရေးဖြစ်စဉ်ကို မြန်ဆန်အောင် ကူညီပေးနိုင်မှာပါ။ အသက်ရှုအကူစက်ဒီဇိုင်းသစ်တွေကို ထုတ်လုပ်နေတာ Tesla ကုမ္ပဏီ တစ်ခုတည်းတော့ မဟုတ်ပါဘူး။

Photo: pocket-lint

ဗြိတိန်လုပ်ငန်းတွေဟာလည်း ကိုယ်ပိုင် Ventilator ဒီဇိုင်း ထွင်နေတယ်လို့ The Guardian သတင်းက ဆိုပါတယ်။ ဒီထဲမှာ နာမည်ကျော် Dyson အိမ်သုံးပစ္စည်း ဒီဇိုင်းကုမ္ပဏီလည်း ပါပြီး ဗြိတိန်အစိုးရဆီက အသက်ရှုစက်အမှာစာ ၁၀၀၀၀ ရထားတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း Dyson ရဲ့ ဒီဇိုင်းဟာ သက်ဆိုင်ရာအာဏာပိုင်တွေဆီက ထုတ်လုပ်ခွင့် လိုင်စင် မရသေးဘူးလို့လည်း The Guardian သတင်းမှာ ဖော်ပြထားပါတယ်။

Tesla ကုမ္ပဏီဘက်က ကိုယ်ပိုင်အသက်ရှုစက်ဒီဇိုင်း ထုတ်နေကြောင်း သတင်းထွက်လာပြီးနောက် အမေရိကန်ကားကုမ္ပဏီတွေဖြစ်တဲ့ Ford နဲ့ General Motors တို့လည်း အသက်ရှုစက်နဲ့ တစ်ခြား အရေးကြီးဆေးပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ဖို့အတွက် အစီအစဉ်များအကြောင်း ကြေညာထားပါတယ်။



ဆက်စပ်အကြောင်းအရာများ


Author


က္က