5G ကွန်ရက်ဖြန့်ကျက်ဖို့ပိုပြီး ကြန့်ကြာသွားမယ်လို့ဆိုပါတယ်။

     အိုင်တီနဲ့ဆက်သွယ်ရေးဆိုင်ရာ အရေးပေါ်ကြေညာချက်အဖြစ် အမေရိကန်သမ္မတထရမ့်မှ အမိန့်ညွှန်ကြားချက်တစ်ရပ် ထုတ်လိုက်ပြီးနောက် Huawei ဘက်မှ ဒီညွှန်ကြားချက်ကို တုန့်ပြန်လိုက်ပါတယ်။

         သမ္မတထရမ့်ဟာ အမေရိကန်နည်းပညာကို ခြိမ်းခြောက်မှုတွေနဲ့ပတ်သက်ပြီး အမျိုးသားအဆင့် အရေးပေါ်အခြေအနေတစ်ရပ်ကို မေလ ၁၅ ရက် ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။ နိုင်ငံ့ထိပ်တန်း အာဏာပိုင်တွေနဲ့တိုင်ပင်ပြီး အမေရိကန်ကုန်သွယ်ရေးဝန်ကြီး ဝီဘာရော့စ်ကို တာဝန်ပေးအပ်ထားတဲ့ သမ္မတရဲ့ ဒီညွှန်ကြားချက်ထဲမှာ အမေရိကန်ရဲ့ အမျိုးသား လုံခြုံရေးကို ထိခိုက်နိုင်ပြီး လက်ခံဖွယ်နိုင်စရာ မရှိတဲ့ ဘေးအန္တရာယ်အားလုံးကို ပိတ်ပင်ဖို့ပါဝင်ပါတယ်။



Photo: CNBC.com

         ဒီအမိန့်ဟာ Huawei ကုမ္ပဏီတစ်ခုတည်းကို ရွေးပြီး ပိတ်ပင်တာမျိုး မဟုတ်ပေမယ့် CNBC မှာ ဖော်ပြချက်အရ ဒီအမိန့်ထွက်လာပြီးနောက် အမေရိကန်ကုန်သွယ်ရေးဌာနဟာ Huawei Technologies နဲ့အတူ ယင်းနဲ့ဆက်စပ်လက်တွဲ လုပ်ဆောင်နေတဲ့ ကုမ္ပဏီများကို ပိတ်ပင်သွားမယ်လို့ကြေညာချက် ထုတ်ခဲ့ပါတယ်။ အမေရိကန်ကုန်သွယ်ရေးဌာနဟာ စက်မှုနဲ့လုံခြုံရေးဗြူရို BIS ကနေ လိုင်စင်မရဘဲ အမေရိကန်ကုမ္ပဏီတွေအနေနဲ့Huawei ကို နည်းပညာရောင်းတာ ၊ လွဲှပြောင်းတာမျိုး လုပ်ခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

         Huawei ဟာ အမေရိကန် Suppliers တွေဆီကနေ ပစ္စည်းအစိတ်အပိုင်း ဝယ်ယူနေရတာဖြစ်လို့ဒီအမိန့်ကြောင့် Huawei အနေနဲ့စီးပွားရေး လုပ်ဆောင်ဖို့ပိုမို ခက်ခဲသွားမှာပါ။ သမ္မတထရမ့်ရဲ့ အရေးပေါ် အမိန့်ကြေညာချက်ထဲမှာ နိုင်ငံလုံခြုံရေးနဲ့နိုင်ငံခြားရေး မူဝါဒရေးရာ ယိုင်နဲ့စေနိုင်တာကြောင့် အမေရိကန်နည်းပညာကို နိုင်ငံခြားပိုင် လုပ်ငန်းတွေကနေ အသုံးပြုမှုကို ကာကွယ်ရမယ်လို့ပါရှိပါတယ်။

         ဒီကြေညာချက်ထွက်လာပြီးနောက် Huawei ဘက်မှ အမေရိကန်မှာ Huawei ရဲ့ စီးပွားရေး လုပ်ဆောင်မှုကို ကန့်သတ်ခြင်းဟာ နိုင်ငံအနေနဲ့ပိုပြီး လုံခြုံ အားကောင်းသွားမှာ မဟုတ်ဘဲ 5G ကွန်ရက်ဖြန့်ကျက်ရေးမှာ အခက်တွေ့ပြီး ကုန်ကျစရိတ်ပိုကြီးလာဖို့ပဲ ရှိမယ်လို့ဆိုပါတယ်။ နောက်ဆုံးမှာ ဒီလို ပိတ်ပင်ခြင်းကြောင့် အမေရိကန်ကုမ္ပဏီတွေနဲ့ဖောက်သည်တွေရဲ့ အကျိုးစီးပွားပဲ ထိခိုက်ရလိမ့်မယ်လို့လည်း သတိပေးပြောကြားထားပါတယ်။

Photo: Yahoo Finance

         Huawei ရဲ့ ထုတ်ပြန်ချက်ထဲမှာ "အမေရိကန်အစိုးနဲ့လက်တွဲ လုပ်ဆောင်ပြီး ထုတ်ကုန် လုံခြုံရေး စိတ်ချရစေမယ့် ထိရောက်တဲ့ စစ်ဆေးတိုင်းတာမှုတွေ လုပ်ဖို့အတွက် ကျွန်တော်တို့ဘက်မှ လိုလားပြီး အဲဒီအတွက် အဆင်သင့် ရှိနေပါတယ်။" လို့ဖော်ပြထားပါတယ်။

         အမေရိကန်အစိုးရဟာ မဟာမိတ်နိုင်ငံများမှာလည်း Huawei ကွန်ရက်ပစ္စည်များ သုံးစွဲမှု မပြုလုပ်ဖို့တိုက်တွန်း ထားသလို ပြီးခဲ့တဲ့ ဧပြီလထဲမှာလည်း Huawei ဟာ တရုတ်နိုင်ငံရဲ့ အမျိုးသား လုံခြုံရေး ကော်မရှင် ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် နဲ့တရုတ်ထောက်လှမ်းရေးကွန်ရက် တတိယရုံးခွဲတစ်ခုဆီကနေ ငွေကြေး ရယူမှု ရှိတယ်လို့CIA ရဲ့ သတိပေးချက်ကို လက်ဆင့်ကမ်းတဲ့ ဗြိတိန်သတင်းပေးတစ်ယောက်ကို ကိုးကားပြီး The Times က ရေးသားခဲ့ပါတယ်။ လက်ရှိမှာ အမေရိကန်နဲ့တရုတ်ဟာ ကုန်သွယ်ရေးဆိုင်ရာ သဘောထား တင်းမာမှုများ ရှိနေသလို Huawei နဲ့အမေရိကန်အစိုးရအကြားလည်း အပြန်အလှန် တရားစွဲမှုများ ရှိထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က