Samsung နဲ့ယှဉ်ပြိုင်မှုမှာ အထိနာဖို့ရှိပါတယ်
Nyein Min Wai

တရုတ်နဲ့ဖြစ်ပွားနေတဲ့ ကုန်သွယ်စစ်နဲ့ပတ်သက်ပြီး Apple ရဲ့ အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်မှ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို သတိပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က သမ္မတနဲ့အတူ ညစာစားချိန်မှာ Apple ရဲ့ CEO တင်မ်ကွတ်ဟာ လာမယ့် စက်တင်ဘာ ၁ ရက်နေ့က စတင် အသက်ဝင်မယ့် သွင်းကုန် ပို့ကုန်အခွန်သစ်ဟာ Samsung နဲ့ရင်ဆိုင်ရာမှာ Apple ကို ပိုပြီး အထိနာစေလိမ့်မယ်လို့ပြောခဲ့တာပါ။

Photo: The Straits Times

Apple ဟာ ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေကို တရုတ်က စက်ရုံတွေမှာ အကြီးအကျယ် ထုတ်လုပ်နေတာ ဖြစ်ပြီး Samsung ကတော့ ဗီယက်နမ် ၊ တောင်ကိုရီးယား ၊ အိန္ဒိယ ၊ အင်ဒိုနီးရှားနဲ့တစ်ခြားနိုင်ငံတွေမှာ ထုတ်လုပ်မှုများ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အမေရိကန်နဲ့တရုတ်အကြား အပြန်အလှန် ကုန်သွယ်ခွန် မြှင့်မယ်ဆိုရင် Apple အတွက် ပိုပြီး အကြပ်ဆိုက်ဖို့ရှိပါတယ်။

" တင်မ်ကွတ်ခ်က ကျွန်တော့်ကို အခွန်အတုပ်တွေအကြောင်း ပြောခဲ့ပါတယ်။ အဲထဲက တစ်ခု သူပြောတာက Samsung ဟာ သူတို့ရဲ့ နံပါတ်တစ် ပြိုင်ဘက်ဖြစ်ပြီး တောင်ကိုရီးယားမှာ အခြေစိုက်တာကြောင့် အခွန်အတုပ်မပေးရတဲ့ အကြောင်းလည်း ပါတယ်။ " လို့ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သတင်းထောက်တွေကို သမ္မတထရမ့်က ပြောပါတယ်။

တင်မ်ကွတ်ကတော့ Samung ဟာ Apple အတွက် အလွန်ကောင်းတဲ့ ပြိုင်ဘက်တစ်ခုဖြစ်တယ်လို့ဆိုခဲ့ပြီး သမ္မတထရမ့်ကလည်း ဒီအကြောင်းကို အလေးအနက် စဉ်းစားနေတယ်လို့ဆိုပါတယ်။ စက်တင်ဘာ ၁ ရက်နေ့မှာ စတင်မယ့် တရုတ်သွင်းကုန် အခွန်သစ်ဟာ အီလက်ထရောနစ်ထုတ်ကုန်တစ်ချို့ကို ၁၀% ဈေးပိုတင်ဖို့ရှိပါတယ်။ ဒီထဲမှာ Apple ရဲ့ နာမည်ကျော် ထုတ်ကုန်တွေ ဖြစ်တဲ့ AirPods နဲ့Apple Watch တို့လည်း ပါဖွယ်ရှိတယ်လို့Reuters သတင်းက ဆိုပါတယ်။

Photo: New York Post

Apple ရဲ့ တန်ဖိုးကြီး ထုတ်ကုန်တွေ ဖြစ်တဲ့ MacBook ၊ iPad နဲ့iPhone တွေကတော့ လာမယ့် ဒီဇင်ဘာ ၁၅ ရက်နေ့ရောက်မှ အခွန်သစ်မှာ အကျုံးဝင်မှာ ဖြစ်ပါတယ်။ သမ္မတထရမ့်ကတော့ Apple ရဲ့ ထုတ်ကုန်တွေကို အမေရိကန်မှာပဲ ထုတ်လုပ်ဖို့တောင်းဆိုထားပါတယ်။

Apple ဟာ ကုမ္ပဏီရဲ့ အရေးပါတဲ့ သုတေသနနဲ့ဖွံ့ဖြိုးရေးပိုင်းအများစုကို အမေရိကန်မှာပဲ လုပ်ဆောင်နေပေမယ့် ထုတ်ကုန်များ ထုတ်လုပ်တပ်ဆင်မှုကိုတော့ နိုင်ငံခြားတိုင်းပြည်တွေမှာ လုပ်ကိုင်နေတာပါ။ အမေရိကန်အစိုးရဟာ ပြီးခဲ့တဲ့နှစ်က တောင်ကိုရီးယားနဲ့ကုန်သွယ်ရေးသဘောတူညီမှုသစ်တစ်ခု ချုပ်ဆိုထားပြီး ဒီသဘောတူညီမှုမှာ အီလက်ထရွန်းနစ်ပစ္စည်းများ အခွန်လွတ်ဖို့ဆိုတဲ့ အချက်ပါဝင်နေပါတယ်။


က္က