Congressional Gold Medal ဆု ချီးမြှင့်ခံခဲ့ရသူ ဖြစ်ပါတယ်
Nyein Min Wai

ဝါရှင်တန်ဒီစီမှာ ရှိတဲ့ NASA ရုံးချုပ်တွေကို ကွယ်လွန်သူ သင်္ချာပညာရှင်နဲ့ အာကာသအင်ဂျင်နီယာ မေရီဂျက်ဆင်ကို ဂုဏ်ပြုပြီး Mary W.Jackson NASA Headquarters အဖြစ် နာမည်ပေးသွားမယ်လို့ ဆိုပါတယ်။

“မေရီဒဗလျူဂျက်ဆင်ဟာ အမေရိကန်အာကာသယာဉ်မှူးများ အာကာသထဲ အောင်အောင်မြင်မြင် ပို့ဆောင်ရာဖို့ ကူညီရာမှာ အလွန်အရေးပါလှတဲ့ အမျိုးသမီးတွေထဲက တစ်ဦးဖြစ်ပါတယ်။ မေရီဟာ လက်ရှိလူမှုအခြေအနေတွေကို ဘယ်တော့မှ လက်မခံခဲ့ဘဲ အဟန့်အတားတွေ ဖြိုဖျက်ဖို့ ကူညီခဲ့သလို အင်ဂျင်နီယာနဲ့ နည်းပညာနယ်ပယ်ထဲက အာဖရိကန်အမေရိကန်နဲ့ အမျိုးသမီးတွေအတွက် အခွင့်အလမ်းတွေ ဖွင့်ပေးခဲ့ပါတယ်”လို့ NASA အုပ်ချုပ်ရေးမှူး ဂျင်မ်ဘရိုင်ဒင်စတိုင်းက ပြောပါတယ်။ 

Photo: ABC News

မေရီဂျက်ဆင်ဟာ NASA ရဲ့ ပထမဆုံးလူမည်း အမျိုးသမီးအင်ဂျင်နီယာတစ်ဦးဖြစ်ပြီး အမေရိကန်အာကာသယာဉ်မှူးများ အာကာသခရီးသွားနိုင်ရေးမှာ အရေးပါခဲ့တဲ့ ပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ ဂျက်ဆင်ကို ၁၉၂၁ ခုနှစ် ဗာဂျီးနီးယားပြည်နယ် ဟမ်ပတန်မှာ မွေးခဲ့ပြီး အသက် ၂၁ နှစ်အရွယ် ၁၉၄၂ ခုနှစ်မှာ ဟမ်ပတန်အင်စတီကျူ့ဒ်ကနေ သင်္ချာနဲ့ ရူပဗေဒသိပ္ပံ ဘွဲ့နှစ်ခု ယူခဲ့ပါတယ်။

၁၉၅၁ ခုနှစ်မှာ NASA ဖြစ်လာမယ့် အမျိုးသားလေကြောင်းအကြံပေးကော်မတီ (NACA) မှာ အလုပ်ဝင်ခဲ့ပါတယ်။ ဒီအရင်မှာတော့ မေရီလန်းပြည်နယ် ကဲလ်ဗားမှာ သင်္ချာဆရာမအဖြစ် အလုပ်ဝင်ခဲ့သလို စာအုပ်ဆိုင်ပိုင်ရှင်အဖြစ်လည်း လုပ်ခဲ့ပါတယ်။ အာကာသအင်ဂျင်နီယာအဖြစ် အလုပ်မဝင်ခင်မှာ အမေရိကန်စစ်တပ်အတွင်းရေးမှူးအဖြစ်လည်း တာဝန်ထမ်းခဲ့ပါတယ်။ 

Mary W. Jackson NASA Headquarters [Photo: NASA]

အမျိုးသားလေကြောင်းအကြံပေးကော်မတီ (NACA) ရဲ့ West Area Computing Unite မှာ ရှိတဲ့ Langley Research Center မှ လူသားကွန်ပျူတာများထဲက တစ်ယောက်အဖြစ် လူသိများလာမယ့် သုတေသနသင်္ချာပညာရှင်အဖြစ် အလုပ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဂျက်ဆင်ဟာ မကြာသေးခင်က ကွယ်လွန်သွားတဲ့ အာဖရိကန်-အမေရိကန်နွယ်ဖွား သင်္ချာပညာရှင် ကတ်သရင်းဂျွန်ဆင် ၊ ဒေါ်ရော်သီ ဗော်ဂန်နဲ့ ခရစ္စတင်းဒါဒင်စတဲ့ အမျိုးသမီးပညာရှင်များနဲ့အတူ လက်တွဲအလုပ်လုပ်ခဲ့တာပါ။

ဂျက်ဆင်ဟာ မျိုးဆက်သစ် အမျိုးသမီး သင်္ချာပညာရှင်များ ၊ အင်ဂျင်နီယာနဲ့ သိပ္ပံပညာရှင်များကို အလုပ်ခေါ်ခြင်းနဲ့ လေ့ကျင့်သင်ကြားပေးတဲ့ Langley Federal Women’s Program မှာလည်း တာဝန်ယူခဲ့ပါတယ်။ ၁၉၈၅ မှာ အလုပ်မှ အနားယူခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ မေရီဂျက်ဆင်ကွယ်လွန်ပြီး ၁၄ နှစ်အကြာ ၂၀၁၉ မှာ သူမကို အရပ်ဘက်ဆိုင်ရာ အမြင့်ဆုံး ဆုတစ်ဆုဖြစ်တဲ့ Congressional Gold Medal ဆု ချီးမြှင့်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က