အဆက်အသွယ်များနဲ့ ငွေကြေး အကူအညီများ ပံ့ပိုးပေးသွားမှာပါ
Nyein Min Wai

COVID-19 အတွင်းနဲ့ COVID-19 အလွန် ကြုံတွေ့ရမယ့် အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို နည်းပညာနဲ့ ဖြေရှင်းနိုင်ဖို့အတွက် ရည်ရွယ်ပြီး 'ဒို့ဖန်တီး' Open Innovation Platform သစ်ကို 'ဖန်တီးရာ'မှ ဦးစီးပြီး မေလ ၁၁ ရက်နေ့ မိတ်ဆက်ခဲ့ပါတယ်။

'ဒို့ဖန်တီး' ပလက်ဖောင်းဟာ နည်းပညာအသိုင်းအဝိုင်းမှ စွမ်းရည်များကို ဖော်ထုတ်ဖို့ ၊ လူထုအခြေပြုအဖွဲ့အစည်းများနဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေကနေ တင်ပြလာတဲ့ အခက်အခဲများကို နည်းပညာသုံးပြီး အဖြေရှာဖို့ စတင်လိုက်တာလို့ ဆိုပါတယ်။ ဒီပလက်ဖောင်းဟာ COVID-19 ပြီးဆုံးချိန်မှာလည်း နည်းပညာသစ်နဲ့ သက်ဆိုင်တဲ့ ဖြေရှင်းချက်များ ၊ လိုအပ်တဲ့ စိန်ခေါ်မှုများပေါ် ထုတ်ပြချက်များ သိရှိနိုင်အောင် လုပ်ဆောင်သွားမယ်လို့ ပလက်ဖောင်းသစ် မိတ်ဆက်ပွဲမှာ ပြောပါတယ်။

Photo: Phandeeyar

"Covid-19 ရဲ့ ကမ္ဘာတစ်ဝန်း ရိုက်ခက်မှုဒဏ်ကြောင့် ကြုံတွေ့လာရမယ့်အခက်အခဲပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် မြန်မာပြည်မှာရှိတဲ့ နည်းပညာအသိုင်းအဝိုင်းကလူတွေကို အတူပူပေါင်းဆောင်ရွက်နိုင်စေဖို့အတွက် တောင်းဆိုလာခဲ့တာပါ။ ဒီ Open Innovation Platform မှတစ်ဆင့် ကျွန်တော်တို့က မြန်ဆန်ပြီး ရေရှည်တည်တံ့တဲ့ဒီဂျစ်တယ်အသွင်ပြောင်းလဲမှု အတွက် အားလုံးပါဝင်တဲ့ လုပ်ဆောင်ချက်တစ်ခုကို ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။” ဟု ဖန်တီးရာ၏ CEO ဖြစ်သူ Jes Kaliebe Petersen မှ ဆိုပါတယ်။

ဒီအစီအစဉ်ကို GIZ Business က ထောက်ပံ့ပြီး စီးပွားရေးပူပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဖက်ဒရယ် ဝန်ကြီးဌာန (BMZ) ကငွေကြေးထောက်ပံ့မှုပေးတာဖြစ်တယ်လို့ GIZ Myanmar ရဲ့ Country Manager ဖြစ်သူ Dr.Petra Schill က ပြောပါတယ်။ 'ဒို့ဖန်တီး' ဟာ အချက်အလက်ကျွမ်းကျင်သူများ ၊ စိတ်အားထက်သန်မှုရှိတဲ့ နည်းပညာပါရမီရှင်များနဲ့ ဆန်းသစ်တဲ့ နည်းပညာဆိုင်ရာ ဖြေရှင်းချက်ပေးသူများအတွက် စိန်ခေါ်မှုသစ်တွေ ယူဆောင်လာမယ့် မြန်မာနိုင်ငံရဲ့ ပထမဆုံး Open Innovation Platform ဖြစ်တယ်လို့လည်း သိရပါတယ်။

Photo: Phandeeyar


အခက်အခဲပြဿနာ အဖြေရှာသူများ (ဇီးကွက်များ) အဖြစ် မှတ်ပုံတင်မှုကို မေလ ၈ ရက်နေ့က စတင် လက်ခံသွားမှာ ဖြစ်ပြီး မှတ်ပုံတင်ထားတဲ့ ဇီးကွက်များဟာ မေလ ၁၄ ရက်နေ့က စပြီး ဖြေရှင်းလိုတဲ့ စိန်ခေါ်မှုဖော်ပြချက်များ ရွေးချယ်နိုင်မယ်လို့ ဆိုပါတယ်။ 'ဒို့ဖန်တီး' နဲ့ ပြိုင်ပွဲတွေအကြောင်း ကိုတော့ http://bit.ly/dohphandee မှာ ကြည့်ရှုနိုင်မှာပါ။ 'ဒို့ဖန်တီး' အစီအစဉ်မှာ GIZ ၊ Prudential Myanmar၊ Friedrich Naumann Foundation ၊ Yoma Bank နှင့် HEKS/EPER တို့မှ ပါတနာများအဖြစ် ပါဝင်သွားမှာ ဖြစ်ပါတယ်။

ဒီမိတ်ဖက်အဖွဲ့အစည်းတွေဟာ ပလက်ဖောင်းပေါ်မှာ အဖြေရှာရမယ့်Challenge Statement များအား ဖော်ထုတ်ပေးသွားမည်ဖြစ်ပြီး idea အဆင့်မှ လက်တွေ့ပြင်ပတွင် အမှန်တကယ်အသုံးချနိုင်သည့် နည်းပညာတီထွင်မှုများ ဖြစ်လာတဲ့အထိ အဆက်အသွယ်များနဲ့ ငွေကြေး အကူအညီများ ပံ့ပိုးပေးသွားမယ်လို့လည်း သိရပါတယ်။


က္က