ဒီအဖွဲ့တွေမှာ ကြော်ငြာထည့်သွင်းတာလည်း ပိတ်ပင်ထားပါတယ်

အကြမ်းဖက်လှုပ်ရှားမှုတွေကို လူမှုကွန်ရက်ပလက်ဖောင်းပေါ်က ဖြုတ်ချသွားမယ်လို့ ကြေညာခဲ့ပြီးနောက် Facebook ဟာ ဒီလိုလက်နက်ကိုင်လူမှုလှုပ်ရှားမှုတွေနဲ့ ဆက်စပ်နေတဲ့ Pages နဲ့ Groups ပေါင်း ၆၅၀၀ ကျော်ကို ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ်လလယ်ပိုင်းမှာ အကြမ်းဖက်မှုနဲ့ ဆက်နွှယ်နေတဲ့ အဖွဲ့အစည်းနဲ့ လှုပ်ရှားမှုတွေကို ကိုင်တွယ်မယ့် စည်းမျဉ်းသစ်တွေအကြောင်း Facebook က ကြေညာခဲ့ပါတယ်။ သမ္မတထရမ့်ကို ထောက်ခံတဲ့ အစွန်းရောက်လက်ယာယိမ်း ပူးပေါင်းကြံစည်မှုလုပ်နေတဲ့ QAnon အဖွဲ့ ၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ အကြမ်းဖက်မှု လုပ်ဖို့ဆွေးနွေးတဲ့ မင်းမဲ့စရိုက်ဝါဒီအုပ်စုတွေနဲ့ ဆက်စပ်နေတဲ့ အကောင့်တွေကို ဖြုတ်ချမယ်လို့ ပါရှိပါတယ်။



Photo: Engadget


Facebook အနေနဲ့ ဒီလိုအဖွဲ့တွေကို apps ထဲမှာ လူမြင်တွေ့မှုနည်းအောင် လုပ်ဖို့ အစီအစဉ်ချထားတယ်လို့လည်း Engadget သတင်းက ဆိုပါတယ်။ ဒီထုတ်ပြန်ချက် ထွက်လာပြီး တစ်လကျော်အကြာမှာ ကုမ္ပဏီရဲ့ တန်ပြန်အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ အန္တရာယ်ရှိအဖွဲ့အစည်းများကို ကိုင်တွယ်တဲ့ ညွှန်ကြားရေးမှူး ဘရိုင်ယန်ဖစ်ရှ်မန်းက Twitter မှာ ကုမ္ပဏီရဲ့ အရေးယူမှုအကြောင်း တင်ပြခဲ့ပါတယ်။

"မူဝါဒသစ်အောက်မှာ အဖွဲ့အစည်းပေါင်း ၃၀၀ ကျော် တွေ့ရှိခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာနဲ့ groups ပေါင်း ၆၅၀၀ ကျော် ဖယ်ရှားခဲ့ပါတယ်။ ဩဂုတ်လ ၁၉ ရက်ကနေ စက်တင်ဘာ ၁၅ ရက်နေ့အတွင်း ဖြစ်ပါတယ်" လို့ ဘရိုင်ယန်ဖရှ်မန်းက ဆိုပါတယ်။

Facebook ဟာ QAnon နဲ့ တစ်ခြား အကြမ်းဖက်မှုဦးတည်တဲ့ လုပ်ရပ် လုပ်ဆောင်တဲ့ အဖွဲ့တွေပေါ် ကူညီတဲ့အနေနဲ့ ကြော်ငြာထည့်သွင်းခြင်းကိုလည်း ပိတ်ပင်သွားမှာပါ။ ဩဂုတ်လထဲမှာပဲ Facebook ဟာ QAnon နဲ့ ဆက်စပ်နေတဲ့ ရာချီတဲ့ Groups ၊ Pages နဲ့ ကြော်ငြာ ads များ ဖယ်ရှားခဲ့ပါတယ်။

QAnon ဟာ ကမ္ဘာတစ်ဝှမ်းက လိင်စိတ်မမှန်သူတွေနဲ့ လူသားစား စေတန်ဝါဒကနေ ကမ္ဘာကို ကယ်တင်သူအဖြစ် သမ္မတဒေါ်နယ်ထရမ့်ကို ယုံကြည်ထောက်ခံထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ အခြေအမြစ်မရှိတဲ့ ဒီပူးပေါင်းကြံစည်မှုသီအိုရီအရ ကမ္ဘာကြီးကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ အဲ့ဒီလျှို့ဝှက်စေတန်ဝါဒအဖွဲ့ထဲမှာ ဟီလာရီကလင်တန်နဲ့ အမေရိကန်ရင်းနှီးမြှပ်နှံမှု သူဌေးကြီး ဂျော့ချ်ဆိုးရော့စ်တို့အပြင် လစ်ဘရယ်ဝါဒီ ဟောလီးဝုဒ်သရုပ်ဆောင်တွေလည်း ပါတယ်လို့ QAnon အဖွဲ့က စွပ်စွဲထားပါတယ်။

ထရမ့်ကို ထောက်ခံနေတဲ့ QAnon အဖွဲ့ဝင်တစ်ဦး (Photo: CNN)

Facebook ကုမ္ပဏီရဲ့ ညွှန်ကြားရေးမှုတစ်ဦးဖြစ်တဲ့ ဖစ်ရှ်မန်းဟာ နိုင်ငံရေးအကြမ်းဖက်မှုတွေ လုပ်ဖို့ လှုပ်ရှားတဲ့ အမျိုးသားတွေချည်း စုစည်းထားတဲ့ လက်ယာယိမ်း အစွန်းရောက်အဖွဲ့ Proud Boys ပေါ် အရေးယူမှုတွေလည်း ချပြထားပါတယ်။ Facebook ဟာ ၂၀၁၈ ကတည်းက Proud Boys အဖွဲ့အစည်းကို ပိတ်ပင်ထားတာ ဖြစ်ပြီး အဖွဲ့ထဲက ဆက််စပ်နေတဲ့ တစ်ခြားအကောင့်တွေကိုလည်း ဖြုတ်ချထားတယ်လို့ ဖစ်ရှ်မန်းက ဆိုပါတယ်။ 

လတ်တလော သမ္မတစကားစစ်ထိုးပွဲအတွင်း ထရမ့်ရဲ့ မှတ်ချက်တွေ ထွက်လာပြီးနောက် Proud Boys ပေါ် လူထုအာရုံစိုက်မှု ပြန်တက်လာခဲ့ပါတယ်။ Proud Boys နဲ့ ဆိုင်တဲ့ memes နဲ့ တစ်ခြား contents တွေလည်း တွေ့လာရတယ်လို့ Facebook က ဆိုပါတယ်။ content အတော်များများက ဒီအဖွဲ့နဲ့ ထရမ့်ရဲ့ မှတ်ချက်တွေကို ရှုံ့ချကန့်ကွက်ထားတာလို့လည်း ဆိုပါတယ်။ 

Share

Loading Next Article...
က္က