ဆက်သွယ်ရေးဥပဒေ ပြင်ဆင်မှုနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားမှာပါ

အမေရိကန်ဆီးနိတ် ကုန်သွယ်ရေးကော်မတီဟာ Google ၊ Facebook နဲ့ Twitter အကြီးအကဲများကို ဆင့်ခေါ်ထားတယ်လို့ ဆိုပါတယ်။ 

လူမှုကွန်ရက်ပလက်ဖောင်းတွေပေါ်က Content အမျိုးမျိုးအတွက် မူဝါဒတွေနဲ့ ပတ်သက်ပြီး ဆီးနိတ်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းကို Google CEO ဆွန်ဒါပီချိုင်း ၊ Facebook CEO မတ်ခ်ဇူကာဘတ်ခ်နဲ့ Twitter CEO ဂျက်ဘီဇော့စ်တို့ ဖြေဆိုရမှာ ဖြစ်ပါတယ်။ အွန်လိုင်းကနေ လုပ်‌ဆောင်သွားမယ့် ဒီကြားနာစစ်ဆေးမှုမှာ Privacy မူနဲ့ သတင်းအချက်အလက်မှားတွေနဲ့ ပတ်သက်တဲ့ အငြင်းပွားစရာကိစ္စတွေကို ဖြေရှင်းရဖို့ ရှိပါတယ်။



Photo: telanganatoday

CNBC သတင်းအရ Facebook ၊ Google နဲ့ Twitter အမှုဆောင်အရာရှိချုပ်တို့ကို ဆက်သွယ်ရေးစံနှုန်းအက်ဥပဒေ အပိုဒ် ၂၃၀ နဲ့ ပတ်သက်ပြီး စစ်ဆေးကြားနာသွားမယ်လို့ ဆိုပါတယ်။ ဒီဥပဒေဟာ လူမှုကွန်ရက်ကုမ္ပဏီကြီးတွေရဲ့ အွန်လိုင်းဝန်ဆောင်မှုပေါ် သုံးစွဲသူတွေ တင်လိုက်တဲ့ Content နဲ့ပတ်သက်ပြီး တာဝန်ခံခိုင်းတဲ့အပေါ် ကာကွယ်ပေးထားတာပါ။

ရီပတ်ဘလစ်ကန်အမတ်တွေဟာ ကွန်ဆာဗေးတစ်များရဲ့ အသံကို ဆင်ဆာဖြတ်တယ်ဆိုတဲ့ စိုးရိမ်မှုကြောင့် လူမှုကွန်ရက်ပလက်ဖောင်းတွေကို ကာကွယ်ပေးထားတဲ့ အပိုဒ် ၂၃၀ ကို ပြင်ဆင်ဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ ကွန်ဆာဗေးတစ်တွေရဲ့ အမြင်တွေကို ဖိနှိပ်မှု လုပ်တယ်ဆိုတဲ့ အချက်ကို လူမှုကွန်ရက်ပလက်ဖောင်းတွေက ငြင်းဆန်ထားပါတယ်။

Photo: NY Post


ပြီးခဲ့တဲ့ မေလထဲမှာ သမ္မတဒေါ်နယ်ထရမ့်ဟာ လူမှုကွန်ရက်ကုမ္ပဏီတွေရဲ့ ဆင်ဆာတည်းဖြတ်မှုကို ဖြုတ်ချဖို့ ဥပဒေအပိုဒ် ၂၃၀ ကို စိန်ခေါ်မယ့် တိုက်ရိုက်အမိန့်တစ်ခုမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ တရားရေးဌာနဘက်မှ ဒီဥပဒေပြန်လည် ပြင်ဆင်ရေးအတွက် အဆိုပြုချက် ထုတ်ပြန်ပြီးနောက် အပိုဒ်ခွဲ ၂၃၀ အခြေအနေ ဆွေးနွေးဖို့ သမ္မတထရမ့်ဟာ ရီပတ်ဘလစ်ကန် ပြည်နယ်ရှေ့နယ်ချုပ် ၉ ဦးနဲ့ ပြီးခဲ့တဲ့တစ်ပတ်မှာ တွေ့ဆုံခဲ့ပါတယ်။

Google ၊ Facebook ၊ Apple နဲ့ Amazon အမှုဆောင်အရာရှိချုပ်တွေဟာ ဈေးကွက်ချိုးဖောက်မှုနဲ့ ပတ်သက်ပြီး ဇူလိုင်လကုန်ပိုင်းက တရားလွှတ်တော်ကိုယ်စားလှယ်များ ကော်မတီနဲ့ တွေ့ဆုံကြားနာ အစစ်ဆေးခံခဲ့ပါတယ်။ ဒီတစ်ခေါက် ကြားနာမှုကိုတော့ အောက်တိုဘာ ၂၈ ရက်မှာ အွန်လိုင်းကနေ လုပ်ဆောင်သွားမှာပါ။

Share

က္က