ကနေဒါဒေါ်လာ ၃၁ သန်း လျော်ကြေးတောင်းထားပါတယ်

တစ်စစီ ဖြုတ်ပြီး recycle လုပ်ဖို့အတွက် ပေးထားတဲ့ iPhone ၊ iPad နဲ့ Apple Watch အလုံးရေ ၁ သိန်းကျော် ပြန်ရောင်းမှုနဲ့ ကုမ္ပဏီရဲ့ Recycling ပါတနာဖြစ်တဲ့ GEEP Canada ကို Apple မှ တရားစွဲထားတယ်လို့ ဆိုပါတယ်။

Quantum Lifecycle Partners အောက် ရောက်သွားတဲ့ GEEP Canada ကုမ္ပဏီဟာ Apple ထုတ်ကုန်ဟောင်း အစိတ်အပိုင်းတွေကို ဖြုတ်ပြီး ပြန်သုံးနိုင်မယ့်အပိုင်းတွေ သန့်စင်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ဒီကုမ္ပဏီဟာ အစိတ်အပိုင်း ဖြုတ်ဖို့ ပေးထားတဲ့ iPhone ၊ iPads နဲ့ Watch အလုံးရေ အနည်းဆုံး ၁၀၃၈၄၅ လုံးကို ခိုးယူပြီး ပြန်ရောင်းခဲ့တယ်လို့ ဆိုပါတယ်။



Photo: businesblog

" GEEP မှာ ဖျက်ဆီးခြင်း မလုပ်ရဘဲ ကျန်နေတဲ့ Apple ထုတ်ကုန်အလေးချိန်ဟာ အနည်းဆုံး ၁၁၇၆၆ ပေါင်ရှိပါတယ်။ GEEP ကိုယ်တိုင်ကလည်း ဒီအချက်ကို အတည်ပြုထားပါတယ်။ " လို့ Apple Insider က ရထားတဲ့ တရားစွဲချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၅ ဇန်နဝါရီကနေ ၂၀၁၇ ဒီဇင်ဘာအထိ Apple ဟာ ပြန်လည်သန့်စင်မှုလုပ်ဖို့အတွက် iPhone ၊ iPad နဲ့ Apple Watch ပေါင်း ၅ သိန်းကျော်ကို ဒီ Recycle ကုမ္ပဏီကို ပေးပို့ထားတာ ဖြစ်ပါတယ်။ စာရင်းစစ်မှု လုပ်ချိန်မှာ ဒီထုတ်ကုန်တွေထဲက ၁၈% ဟာ ဆယ်လူလာကွန်ရက်တွေပေါ်ကနေ တစ်ဆင့် အင်တာနက်သုံးနေဆဲလို့ တွေ့ရှိခဲ့တာပါ။ 

ဒီ ၁၈% ထဲမှာ ဆယ်လူလာရေဒီယိုမပါတဲ့ Apple ထုတ်ကုန်တွေ မပါတာကြောင့် ဈေးကွက်မှာ တရားမဝင် ပြန်ရောင်းလိုက်တဲ့ ထုတ်ကုန်ရာခိုင်နှုန်းဟာ ပိုပြီး မြင့်မားဖို့ ရှိပါတယ်။ Apple ကတော့ ဒီမိတ်ဖက်ကုမ္ပဏီဟောင်းဆီကနေ အနည်းဆုံး ကနေဒါဒေါ်လာ ၃၁ သန်း (ကန်ဒေါ်လာ ၂၂.၇ သန်းခန့်) လျော်ကြေးတောင်းဖို့ ပြင်ဆင်နေပါတယ်။

GEEP ကတော့ မဟုတ်တာ မလုပ်ကြောင်း ငြင်းဆန်ထားပေမယ့် ပစ္စည်းတွေ အခိုးခံရတယ်ဆိုတဲ့ ကိစ္စကိုတော့ ငြင်းဆန်ခြင်း မရှိပါဘူး။ သတင်းတွေအရ ကုမ္ပဏီဘက်ကလည်း ဒီထုတ်ကုန်တွေ ခိုးခဲ့တဲ့ ဝန်ထမ်း ၃ ဦးကို တရားစွဲထားတယ်လို့ ဆိုပါတယ်။ Apple ကတော့ ဒီဝန်ထမ်းတွေဟာလည်း ကုမ္ပဏီရဲ့ အကြီးတန်းစီမံခန့်ခွဲမှုဘက်က ဖြစ်တယ်လို့ ဆိုပါတယ်။

Photo: iMore

လက်ရှိမှာ ကုမ္ပဏီအနေနဲ့ ထုတ်ကုန် ပြန်လည်သန့်စင်မှုပိုင်းတချို့ကို ကုမ္ပဏီအတွင်းမှာပဲ Dave နဲ့ Daisy လို့ခေါ်တဲ့ စက်တွေနဲ့ ဖြုတ်နေတယ်လို့ဆိုပါတယ်။ ဒီစက်တွေဟာ တစ်နာရီကို ဖုန်းအလုံးရေ ၂၀၀ ရဲ့ ပြန်သုံးလို့မရတဲ့ ပစ္စည်းအစိတ်အပိုင်းတွေ ဖြုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ 

၂၀၁၉ တစ်နှစ်ထဲမှာ အီလက်ထရွန်းနစ် စွန့်ပစ်ပစ္စည်းဟာ တန် ၅၃.၆ သန်းအထိ ရှိတာ ဖြစ်လို့ Apple အပါအဝင် လျှပ်စစ်ပစ္စည်းထုတ်လုပ်သူတွေအနေနဲ့ Recycle ထက် ပြန်သုံးနိုင်တဲ့ Re-Use ဘက်ကို အာရုံစိုက်သင့်တယ်လို့လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က