အလုပ်ချိန်ရဲ့ ထက်ဝက် ထက်နည်းပြီး အိမ်မှာပဲ အလုပ်လုပ်နိုင်မှာပါ

Microsoft ဟာ အမြဲတမ်း အိမ်ကနေ အလုပ်လုပ်နိုင်မယ့် ဝန်ထမ်းဦးရေကို ထပ်တိုးဖို့ ခွင့်ပြုလိုက်ပါတယ်။

သောကြာနေ့က ထုတ်ပြန်တဲ့ ကုမ္ပဏီရဲ့ ကြေညာချက်ထဲမှာ Microsoft ဟာ အလုပ်လုပ်ရမယ့် သီတင်းပတ်ရဲ့ ထက်ဝက်ခန့်ကို အိမ်ကနေပဲ အလုပ်လုပ်နိုင်အောင် ခွင့်ပြုသွားမှာ ဖြစ်ပြီး သက်ဆိုင်ရာမန်နေဂျာတွေရဲ့ ခွင့်ပြုချက်အရ ဆိုရင် တောက်လျှောက် အိမ်ကနေလှမ်းပြီး အလုပ်လုပ်ခွင့်ပေးသွားမယ်လို့ ဆိုပါတယ်။



Photo: The Economics Times

အိမ်ကနေပဲ အလုပ်လုပ်နိုင်မယ့် ဝန်ထမ်းတွေအတွက် ရုံးစားပွဲနေရာတွေ ရမှာ မဟုတ်ပေမယ့် ရုံးလာဖို့ လိုမယ်ဆိုရင် သီးသန့်နေရာစီစဉ်ပေးသွားမှာပါ။ အလုပ်ချိန်တစ်ဝက် အိမ်ကနေ လုပ်နိုင်မယ့်သူတွေထဲမှာ Hardware labs ၊ ဒေတာစင်တာနဲ့ လူကိုယ်တိုင်သင်တန်းတက်ရသူတွေလို အလုပ်အကိုင်များ ပါဝင်နေပါတယ်။

"ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ဖြည်းဖြည်းချင်းနဲ့ အလုပ်လုပ်တဲ့ ပုံစံကို ဝန်ထမ်းတွေရဲ့ ဆန္ဒအတိုင်း နဲ့ သီးခြားအလုပ်လုပ်ပုံစံကို ထောက်ပံ့ပေးမယ့် ကျွန်တော်တို့ ကတိကဝတ်ရယ် စီးပွားရေးလုပ်ငန်းရဲ့ လိုအပ်ချက်ရယ်ကို တစ်ဆင့်ပြီးတစ်ဆင့် သွားတာမျိုးပါ။" လို့ Microsoft ပြောရေးဆိုခွင့်ရှိသူက CNET ကို ပေးပို့တဲ့ အီးမေးလ်မှာ ပြောထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဘေးကြောင့် Microsoft ဝန်ထမ်းအများစုဟာ အိမ်ကနေပဲ အလုပ်လုပ်နေကြတာပါ။ ရောဂါဘေးကင်းသွားပြီး ရုံးခန်းတွေ ပြန်ဖွင့်ချိန်မှာလည်း ဝန်ထမ်းတွေရဲ့ အလုပ်လုပ်မှုပုံစံအပေါ် ကုမ္ပဏီအနေနဲ့ ပိုပြီး လွတ်လပ်ခွင့်ပေးသွားဖို့ ရှိပါတယ်။ Microsoft ဟာ မတ်လထဲက စပြီး မဖြစ်မနေ အိမ်မှာနေပြီး အလုပ်လုပ်ဖို့ အစီအစဉ်ကို ကြေညာခဲ့တာပါ။


Microsoft Hardware Lab တစ်ခု (Photo: The Verge)

ရုံးတွေ ပြန်ဖွင့်မယ့်အချိန် မသိရသေးပေမယ့် အစောဆုံး လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီအထိ အမေရိကန်မှာ ရှိတဲ့ Microsoft ရုံးတွေ ဖွင့်လှစ်ဦးမှာ မဟုတ်သေးဘူးလို့ ဆိုပါတယ်။ အမေရိကန်နည်းပညာကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ Facebook ကလည်း သောင်းဂဏန်းအင်အားရှိတဲ့ ကုမ္ပဏီရဲ့ ဝန်ထမ်းတွေကို အိမ်ကနေပဲ အလုပ်လုပ်ဖို့ ညွှန်ကြားထားပါတယ်။

The Verge သတင်းကို Facebook အမှုဆောင်အရာရှိချုပ် မတ်ခ်ဇူကာဘတ်ခ်က ပြောကြားရာမှာတော့ ဝန်ထမ်းအင်အားရဲ့ ထက်ဝက်ခန့်အထိဟာ နောက် ၅ နှစ်ကနေ ၁၀ နှစ်အတွင်း ကိုယ့်အိမ်ကနေပဲ အလုပ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က