ဒီသတင်းပေါ် Huawei ဘက်က မှတ်ချက်ချဖို့ ငြင်းဆန်ထားပါတယ်

ပြီးခဲ့တဲ့တစ်ပတ်လောက်ကတည်းက Huawei ဟာ Honor စီးပွားရေးလုပ်ငန်းကို ရောင်းဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ခဲ့ပါတယ်။

Apple Analyst တစ်ဦးဖြစ်တဲ့ မင်ချိကုအိုက Huawei အနေနဲ့ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့မှုကနေ ရုန်းထွက်ဖို့ Honor စမတ်ဖုန်းစီးပွားရေးကို ရောင်းချနိုင်တယ်လို့ ခန့်မှန်းခဲ့တာပါ။ တကယ်လို့ Huawei သာ Honor ဖုန်းစီးပွားရေးကို ရောင်းချသွားမယ်ဆိုရင် ဒါဟာ Honor brand အတွက်ရော suppliers တွေနဲ့ တရုတ်အီလက်ထရွန်းနစ်လောကအတွက်ပါ နှစ်ဦးနှစ်ဖက် အကျိုးရှိနိုင်တယ်လို့ မင်ချိကုအိုက တွက်ထားတာ ဖြစ်ပါတယ်။



Photo: Gadget Tendency

ဒီသတင်းထွက်ချိန်မှာ Huawei ဘက်က ချက်ချင်းငြင်းဆန်ခဲ့ပါတယ်။ Reuters သတင်းမှာတော့ Huawei ဟာ Honor ကို ‌ရောင်းချဖို့ Digital China Group နဲ့ တစ်ခြား ဖြစ်နိုင်ခြေရှိတဲ့ ဝယ်လက်တွေနဲ့ လောလောဆယ် ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ ဖော်ပြထားပါတယ်။

Honor စမတ်ဖုန်းစီးပွားရေးကို ၂၀၁၃ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တာ ဖြစ်ပြီး တကယ်လို့ အရောင်းအဝယ်ဖြစ်မယ်ဆိုရင် ယွမ် ၂၅ ဘီလျံ (ဒေါ်လာ ၃.၇ ဘီလျံ) အထိ ရှိမယ်လို့ ဆိုပါတယ်။ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေကတော့ Honor ကို ဝယ်ဖြစ်ဖို့ ရှေ့ဆုံးက တစ်ပြေးနေတဲ့ အဖွဲ့ဟာ Digital China Group ဖြစ်ပြီး တခြားကုမ္ပဏီတွေအနေနဲ့ Xiaomi နဲ့ အီလက်ထရွန်းနစ်ထုတ်လုပ်တဲ့ TCL တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

Digital China ဟာ ၂၀၀၁ ခုနှစ်မှာ Lenovo အဖြစ် ပြောင်းလိုက်တဲ့ Legend Holdings ရဲ့ လက်အောက်ခံလုပ်ငန်းတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ Digital China ဟာ Honor ဖုန်းတွေ အဓိက ဖြန့်ဖြူးသူလည်း ဖြစ်ပါတယ်။ အရောင်းအဝယ်နဲ့ ပတ်သက်လို့ အခုထိတော့ တရားဝင် မှတ်ချက်နဲ့ အတည်ပြုမှုတွေ ထွက်မလာသေးသလို Huawei ဘက်ကလည်း မှတ်ချက်ချဖို့ ငြင်းဆန်ထားပါတယ်။

Share

Loading Next Article...
က္က