Samsung ကို ကမ္ဘာ့အကြီးဆုံးနည်းပညာ အမှတ်တံဆိပ်ဖြစ်အောင် ဦးဆောင်ခဲ့ပါတယ်

တောင်ကိုရီးယားရဲ့ အကြီးဆုံး နည်းပညာလုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ Samsung Group ရဲ့ ဥက္ကဌဖြစ်သူ လီကွန်ဟီးဟာ အောက်တိုဘာ ၂၅ ရက်နေ့မှာ ကွယ်လွန်သွားတယ်လို့ ကုမ္ပဏီက သတင်းထုတ်ပြန်ထားပါတယ်။

ကွယ်လွန်ချိန်မှာ လီကွန်ဟီးဟာ အသက် ၇၈ နှစ် ရှိပြီ ဖြစ်ပြီး သေဆုံးရတဲ့အကြောင်းရင်းကိုတော့ မကြေညာခဲ့ပါဘူး။ လီဟာ ၂၀၁၄ ခုနှစ်ကတည်းက နှလုံးရောဂါဝေဒနာခံစားခဲ့ရပြီး‌နောက် အများမြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့တာပါ။ မစ္စတာလီဟာ သူ့ဖခင်တည်ထောင်ခဲ့တဲ့ တန်ဖိုးနည်း TV နဲ့ အိမ်သုံးပစ္စည်းလုပ်ငန်း Samsung Group ကို ကမ္ဘာ့အကြီးဆုံးနည်းပညာအမှတ်တံဆိပ်တစ်ခုအဖြစ် ပြောင်းလဲနိုင်ခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။



Photo: The Guardian


မစ္စတာလီဟာ Samsung Group ကို ၁၉၃၈ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ လီဗြောင်ချုးလ်ရဲ့ တတိယမြောက်သားဖြစ်ပြီး ၁၉၆၈ ခုနှစ်မှာ မိသားစုစီးပွားရေးလုပ်ငန်းမှာ ပါဝင်ခဲ့ပါတယ်။ သူ့ဖခင် ကွယ်လွန်ပြီးနောက် ၁၉၈၇ မှာ သူဟာ ကုမ္ပဏီရဲ့ ဥက္ကဌနေရာကို လွှဲပြောင်းရယူခဲ့ပါတယ်။ သူဟာ Samsung ကို တန်ဖိုးကြီးအမှတ်တံဆိပ်တစ်ခုအဖြစ် ပုံပြောင်းခဲ့ပါတယ်။ 

"ငါတို့ ဇနီးနဲ့ ကလေးတွေကလွဲပြီး အားလုံးကို ပြောင်းပစ်ရမယ်" ဆိုတဲ့ ၁၉၉၃ ခုနှစ်က ဝန်ထမ်းတွေကို ပြောခဲ့တဲ့ သူ့စကားဟာ နာမည်ကျော်ခဲ့ပါတယ်။ သူ့ရဲ့ စီမံခန့်ခွဲမှုသစ်ကို သရုပ်ပြဖို့အတွက်လည်း လက်ကျန်တန်ဖိုးနည်း ဆဲလ်ဖုန်းပေါင်း ၁၅၀၀၀၀ ကို မီးရှို့စေခဲ့သူ ဖြစ်ပါတယ်။ Samsung ရဲ့ ထုတ်ပြန်ချက်ထဲမှာ ၁၉၉၃ ခုနှစ်က လီရဲ့ စီမံခန့်ခွဲမှုသစ်အကြောင်း ကြေညာချက်ဟာ အဆင့်မြင့်ကမ္ဘာ့အသိုင်းအဝိုင်းကို ပံ့ပိုးဖို့ အကောင်းဆုံးနည်းပညာတွေ ထုတ်လုပ်မယ့်ကုမ္ပဏီရဲ့ ရှေ့ရေးအမြင်မှာ အဓိကမောင်းနှင်အားဖြစ်ခဲ့တယ်လို့ ပါရှိပါတယ်။ 

သူ့လက်ထက်မှာ Samsung Group ဟာ တောင်ကိုရီးယားနိုင်ငံ GDP ရဲ့ ၅ ပုံတစ်ပုံဝန်းကျင် ဖန်တီးပေးခဲ့ပြီး သူကိုယ်တိုင်လည်း နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။ Forbes မဂ္ဂဇင်းရဲ့ အချက်အလက်တွေအရ သူ့ရဲ့ အသားတင်ကြွယ်ဝမှုဟာ ဒေါ်လာ ၂၁ ဘီလျံနီးပါး ရှိတယ်လို့ ဆိုပါတယ်။ လီဟာ တရားရေးရင်ဆိုင်မှုတွေလည်း ကြုံနေရသူ ဖြစ်ပါတယ်။

Photo: Global Times


၁၉၉၅ ခုနှစ်မှာ သမ္မတရို့တေဝူးကို လာဘ်ပေးမှု လုပ်ခဲ့ခြင်း ၊ ၂၀၀၈ ခုနှစ်မှာ အခွန်ရှောင်ခြင်းနဲ့ ယုံကြည်မှုဖောက်ဖျက်ခြင်းတွေကြောင့် လီမှာ အပြစ်ရှိကြောင်း တွေ့ရှိထားပေမယ့် တရားဝင်ကြေအေးပေးခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ အပြစ်မှလွှတ်ကြောင်း ကြေအေးပေးရခြင်းရဲ့ အကြောင်းကတော့ နိုင်ငံတကာအိုလံပစ်ကော်မတီမှာ လီရဲ့ နေရာကို ပြန်ရယူနိုင်ပြီး ပြုံးယမ်းမှာ ကျင်းပမယ့် ၂၀၁၈ အိုလံပစ်ကို ပိုပြီးကောင်းမွန်တဲ့အခြေအနေတစ်ခုရရှိစေဖို့ ဖြစ်တယ်လို့ အဲ့ဒီအချိန်က တောင်ကိုရီးယားတရားရေးဌာနဝန်ကြီးက ပြောခဲ့တယ်လို့ The Verge သတင်းက ဖော်ပြထားပါတယ်။

သူကွယ်လွန်ချိန် အနားမှာ သားဖြစ်သူ ကုမ္ပဏီဒုဥက္ကဌ လီဂျေယောင်းအပါအဝင် မိသားစုဝင်တွေ ရှိနေခဲ့ပါတယ်။ ဂျေဝိုင်လီလို့လည်း သိများပြီး သမ္မတဟောင်း ပတ်ခ်ဂွမ်ဟေးနဲ့ လာဘ်စားမှုအရှုပ်တော်ပုံကြောင့် ထောင်တစ်နှစ်နီးပါး ကျခဲ့ဖူးတဲ့ အသက် ၅၂ နှစ်အရွယ် လီဂျေယောင်းဟာ သူ့ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံသွားဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က