Nyein Min Wai

ဆန်ဖရန်စစ္စကိုအခြေစိုက် Cloud နည်းပညာကုမ္ပဏီတစ်ခု ဖြစ်တဲ့ Salesforce ဟာ ကုမ္ပဏီရဲ့သမိုင်းမှာ အကြီးမားဆုံးလုပ်ငန်းဝယ်ယူမှုတစ်ခု လုပ်ဆောင်ခဲ့ပါတယ်။

Salesforce ဟာ နာမည်ကြီးလုပ်ငန်းခွင်သုံး စာပို့ app တစ်ခုဖြစ်တဲ့ Slack ကို ဒေါ်လာ ၂၇.၇ ဘီလျံနဲ့ ဝယ်ယူလိုက်တာ ဖြစ်တယ်လို့ Engadget သတင်းက ဆိုပါတယ်။ လုပ်ငန်းဝယ်ယူမှုသဘောတူညီချက်အနေနဲ့ Slack အစုရှယ်ယာရှင်တွေဟာ Slack ရှယ်ယာတစ်ခုလျှင် Salesforce စတော့ရှယ်ယာ ၀.၀၇၇၆ စုနဲ့ ၂၆.၇၉ ဒေါ်လာစီ ရမယ်လို့လည်း ဆိုပါတယ်။



Photo: CNN


အရောင်းအဝယ်ကို လာမယ့် ၂၀၂၁ ခုနှစ် ဒုတိယသုံးလပတ်အတွင်းမှာ အပြီးသတ်ဖို့လည်း မျှော်လင့်ထားပါတယ်။ လုပ်ငန်းဖွဲ့စည်းပုံသစ်မှာ Slack တည်ထောင်သူနဲ့ CEO စတီးဝပ်ဘတ္တာဖီးလ်ဟာ စာပို့ဝန်ဆောင်မှုကို ဆက်လက်ဦးဆောင်သွားမှာ ဖြစ်ပြီး Salesforce အတွင်း ဌာနတစ်ခု ဖြစ်လာမှာပါ။ 

ထုတ်ပြန်ချက်မှာတော့ "Slack ဟာ Salesforce Cloud တိုင်းမှာ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းသွားမှာဖြစ်ပြီး Salesforce Customer 360 အတွက် interface သစ် ဖြစ်လာမယ် " လို့ ဖော်ပြထားပါတယ်။ 

Salesforce ဟာ COVID-19 ကာလအတွင်း လုပ်ငန်းများ Cloud ဝန်‌ဆောင်မှု ပြောင်းလဲအသုံးပြုလာခြင်းကြောင့် စံချိန်တင်လုပ်ငန်း ဖွံ့ဖြိုးလာနေတာပါ။ အင်္ဂါနေ့က ထုတ်ပြန်တဲ့ Salesforce ရဲ့ တတိယသုံးလပတ် ဝင်ငွေဟာ ပြီးခဲ့တဲ့နှစ် ကာလတူထက် ၂၀% မြင့်တက်လာပြီး ဒေါ်လာ ၅.၄၂ ဘီလျံအထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

ကုမ္ပဏီအနေနဲ့ ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ဝင်ငွေဟာ ဒေါ်လာ ၂၁.၁၁ ဘီလျံအထိ ရှိလာဖို့ မျှော်မှန်းထားပါတယ်။ Salesforce ဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ Analytics ကုမ္ပဏီ Tableau ကို ဒေါ်လာ ၁၅.၇ ဘီလျံနဲ့ ဝယ်ယူခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က