လက်သည်အဖွဲ့အစည်းအကြောင်း မသိရသေးပါဘူး
Nyein Min Wai

ပြီးခဲ့တဲ့ စက်တင်ဘာလကစတင်ပြီး COVID-19 ဆေးဝါးဖြန့်ချိရေးနဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေကို ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာပြစ်မှုကျူးလွန်နေတဲ့ ကမ်ပိန်းတစ်ခုက ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ IBM လုံခြုံရေးသုတေသီတွေက ဆိုပါတယ်။

IBM X-Force IRIS မှ သုတေသီ ကလဲရီ ဇေဘိုးဗာနဲ့ မာလစ်ဆာဖရွိုင်းရစ်ချ်တို့ ရေးသားတဲ့ ဘလော့ဂ်ပို့စ်မှာ ဆိုက်ဘာသူလျှိုဖောက်ထွင်းမှုကမ်ပိန်းဟာ ဂျာမနီ ၊ အီတလီ ၊ တောင်ကိုရီးယား ၊ ချက်သမ္မတနိုင်ငံ ၊ ဥရောပနဲ့ ထိုင်ဝမ်စတဲ့ ဒေသ ၆ ခုမှာ တိုးချဲ့နေတယ်လို့ ကြေညာထားပါတယ်။ 



Photo: NDTV Gadgets 360


ဒီကမ်ပိန်းဟာ ဆေးဝါးများ သိုလှောင်/ပို့ဆောင်ရေးမှာ အအေးပေးထားတဲ့ Supply Chain အပိုင်းတွေကို ဦးတည်နေပုံရတယ်လို့လည်း ဆိုပါတယ်။ COVID-19 ဆေးတစ်မျိုးဖြစ်တဲ့ Pfizer လို ဆေးတွေဟာ အာနိသင်မပြယ်ဖို့ အနုတ် ၇၀ ဒီဂရီဆဲလ်စီးယပ်စ်လို အအေးချိန်မြင့်မားစွာ ထိန်းသိမ်းထားရတာပါ။

ဒီလို ထိန်းသိမ်းရခြင်းဟာ ‌ကမ္ဘာအရပ်ရပ်ကို ဆေးဝါးသန်းပေါင်းများစွာ သယ်ယူပို့ဆောင်ပေးနေရတဲ့ ဆေးကုမ္ပဏီတွေအတွက် ကုန်စည်ပို့ဆောင်ရေးမှာ စိန်ခေါ်မှုတစ်ခုလည်း ဖြစ်နေပါတယ်။ ဆိုက်ဘာတိုက်ခိုက်မှုတွေဟာ ဆေးဝါးသယ်ပို့ဖြန့်ချိရေးလုပ်ပေးတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ Gavi နဲ့ ဆက်စပ်နေတဲ့ အဖွဲ့တွေကို ပစ်မှတ်ထားနေတာပါ။

တိုက်ခိုက်မှုနောက်ကွယ်မှာ ဘယ်သူတွေ ဦးဆောင်နေသလဲဆိုတာ အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ သုတေသီတွေကတော့ တစ်ဦးတစ်ယောက်ချင်း ၊ တစ်ဖွဲ့ချင်းထက် နိုင်ငံအဆင့်အဖွဲ့အစည်းတစ်ခုကို သံသယပိုဖြစ်နေပါတယ်။ "တိုက်ရိုက်ငွေချေဖို့ ရှင်းလင်းတဲ့လမ်းကြောင်းတစ်ခု မရှိဘဲနဲ့ ဆိုက်ဘာပြစ်မှုကျူးလွန်သူတွေဟာ တစ်ကမ္ဘာလုံးကို ဖြန့်ကြက်ထားတဲ့ပစ်မှတ်တွေ ၊ ချိတ်ဆက်တွေအများကြီးရှိနေတဲ့ အော်ပရေးရှင်းကြီးတစ်ခုကို အချိန်ကုန်ခံ အရင်းအမြစ်တွေ အားစိုက်သုံးပြီး လုပ်ဖို့ အလားအလာမရှိဘူး"လို့ ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးဆိုက်ခဲ့တဲ့နောက် ဒီတစ်နှစ်လုံးမှာ COVID-19 ဆေးသုတေသနနဲ့ဖွံ့ဖြိုးမှုပိုင်းဟာ ဆိုက်ဘာတိုက်ခိုက်မှုအမြောက်အများရဲ့ ပစ်မှတ်တစ်ခု ဖြစ်လာပါတယ်။ အမေရိကန်အစိုးရကတော့ ပြီးခဲ့တဲ့ မေလထဲမှာ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ ဆေးဝါးသုတေသနကို ဆိုက်ဘာတိုက်ခိုက်ပြီး ခိုးယူမှုလုပ်ဖို့ တရုတ်အစိုးရက ဟက်ကာဆဲလ်တွေကို ငွေကြေးထောက်ပံ့ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဇူလိုင်လထဲမှာ COVID-19 ကုထုံးနဲ့ ဆေးဝါးများ ဖော်ထုတ်နေတဲ့ လုပ်ငန်းအချက်အလက်များ ခိုးယူဖို့ ကြိုးပမ်းမှုနဲ့ တရုတ်ဟက်ကာနှစ်ဦးကို တရားစွဲခဲ့ပါတယ်။ ဒီနှစ် နွေရာသီမှာပဲ အမေရိကန် ၊ ယူကေနဲ့ ကနေဒါအာဏာပိုင်တွေဟာ ရုရှားထောက်လှမ်းရေးနဲ့ ဆက်စပ်နေတဲ့ အဖွဲ့တစ်ဖွဲ့ကို ဆေးသုတေသနလုပ်ငန်းများအပေါ် ဆိုက်ဘာတိုက်ခိုက်မှုလုပ်ခဲ့တဲ့အပေါ် ရှုံ့ချခဲ့ပါတယ်။ 

Photo: BBC


Pfizer ၊ BioNTech နဲ့ Moderna တို့ အပါအဝင် ဆေးကုမ္ပဏီအများအပြားဟာ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန FDA ဆီမှ COVID-19 ဆေးခွင့်ပြုချက် တင်ထားပါတယ်။ ဒီဇင်ဘာလလယ်မှာ လျှောက်လွှာတွေကို FDA မှ စည်းမျဉ်းနဲ့ညီမညီ စိစစ်မှာပါ။ ခွင့်ပြုချက်ရပြီးနောက် မကြာခင်မှာ ဆေးဝါးဖြန့်ဖြူးမှုတွေ စတင်မှာ ဖြစ်ပါတယ်။

Moderna ကတော့ ၂၀၂၀ နှစ်ကုန်မှာ ဆေးအလုံးရေ သန်း ၂၀ အထိ ထောက်ပံ့နိုင်ဖို့ မျှော်မှန်းထားပြီး Pfizer ကတော့ ၂၅ သန်းအထိ ထုတ်ပေးနိုင်ဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က