အကောင်းဆုံးဒေတာအတွေ့အကြုံပေးအပ်နိုင်ရန် ထပ်လောင်းရင်းနှီးမြှုပ်နှံသွားမယ်လို့ ဆိုပါတယ်

ပြည်တွင်းတယ်လီကွန်းအော်ပရေတာတစ်ခုဖြစ်တဲ့ Telenor မြန်မာရဲ့ ၇ ကြိမ်မြောက် ရေရှည်တည်တံ့သော စီးပွားရေးဆောင်ရွက်ချက်များဆိုင်ရာ ရှင်းလင်းပွဲတစ်ခုကို ဒီဇင်ဘာ ၃ ရက်နေ့က အွန်လိုင်းမှတစ်ဆင့် ကျင်းပသွားခဲ့ပါတယ်။ 

ဒီရှင်းလင်းပွဲမှာ ၂၀၂၀ ပြည့်နှစ်အတွင်း Telenor ရဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု နဲ့ စီးပွားရေးအပေါ် သက်ရောက်မှုများ ၊ လူမှုအသိုင်းအဝိုင်းပေါ် ပံ့ပိုးချက်များ ၊ ရာသီဥတုအပေါ် အကျိုးသက်ရောက်မှုများနဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များအကြောင်း ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဒါ့အပြင် လာမယ့် ၂၀၂၁ ခုနှစ်အတွက် Telenor ရဲ့ အဓိက လုပ်ဆောင်သွားမယ့်အရာများအကြောင်းလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။


၂၀၂၁ ခုနှစ်မှာ Telenor မြန်မာအနေနဲ့ COVID-19 ကာလနောက်ပိုင်း အကောင်းဆုံးဒေတာအတွေ့အကြုံပေးနိုင်ဖို့ ထပ်လောင်း ရင်းနှီးမြှပ်နှံမှုများ လုပ်ဆောင်ခြင်း ၊ လက်လှမ်းမီပြီး ဆန်းသစ်တီထွင်မှုရှိတဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုများ မိတ်ဆက်ခြင်းများ လုပ်ဆောင်သွားမှာ ဖြစ်သလို လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုများကိုလည်း ပူးပေါင်းဖြေရှင်းသွားမယ်လို့ ဆိုပါတယ်။

ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို ပံ့ပိုးတဲ့အနေနဲ့ ဆိုက်ဘာလုံခြုံရေးနဲ့ ဒစ်ဂျစ်တယ်အခွင့်အရေး ၊ ဒစ်ဂျစ်တယ် တတ်သိနားလည်ရေးအစီအစဉ်များ ဆက်လက်လုပ်ဆောင်ခြင်း နဲ့ အစိုးရရဲ့ e-Government ဝန်ဆောင်မှုများ တိုးတက်အောင် ကူညီပေးခြင်းဖြင့် တာဝန်ယူမှုရှိရှိနဲ့ ဆက်လက်ပံ့ပိုးသွားမယ်လို့ ကတိပြုပါတယ်။


Telenor သုံးစွဲသူတွေရဲ့ ယုံကြည်မှု ခိုင်မာစေခြင်းနဲ့ ခေတ်မီဒစ်ဂျစ်တယ်ကိရိယာများ အသုံးပြုရာမှာ ပိုမိုအကျွမ်းတင်ဝင်ရှိအောင် မြေတောင်မြှောက်သွားမယ်လို့လည်း ဆိုပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်း ဒစ်ဂျစ်တယ် တတ်သိနားလည်မှုနဲ့ မိုဘိုင်းလ် ကျန်မာရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်စောင့်ရှောက်ရေးများ လုပ်ဆောင်နေတဲ့ Telenor လူမှုအကျိုးပြုအစီအစဉ်ဟာ လူပေါင်း ၁ သန်းကျော်ကို အကျိုးရှိစေခဲ့တယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း Telenor ဟာ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ 4.5G ကွန်ရက် စတင်ဖြန့်ကြက်ခဲ့ပါတယ်။ လက်ရှိမှာ Telenor ဟာ မြန်မာ့လူဦးရေရဲ့ ၉၂% ကို တာဝါတိုင်ပေါင်း ၈၉၀၀ နဲ့ လွှမ်းခြုံထားပြီး မြန်မာ့အကြီးမားဆုံး ကွန်ရက်အဖြစ် ရပ်တည်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က