ထောင်ဒဏ်နဲ့ ငွေဒဏ်ချမှတ်ခဲ့ပါတယ်
Nyein Min Wai

တရုတ်နိုင်ငံတရားရုံတစ်ခုဟာ တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Gionee ပါဝင်နေတဲ့ အမှုတစ်ခုကို အမိန့်ချမှတ်လိုက်တယ်လို့ ဆိုပါတယ်။

တန်ဖိုးနည်းဖုန်းထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Gionee ဟာ သုံးစွဲသူတွေရဲ့ သဘောတူမှုမပါတဲ့ ကြော်ငြာတွေနဲ့ တခြား အဖျက်အမှောင့်ဖြစ်နိုင်တဲ့ လုပ်ဆောင်မှုတွေကနေ ငွေရှာဖို့ စမတ်ဖုန်းအလုံးရေ သန်း ၂၀ ကျော်မှာ Trojan Horse လို့ခေါ်တဲ့ Malware စနစ် ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။



Photo: themobilehunt


Gionee ရဲ့ လက်အောက်ခံလုပ်ငန်းတစ်ခုဖြစ်တဲ့ Shenzhen Zhipu Technology Co.Ltd., ဟာ Trojan Horse စနစ်ကို Story Lock Screen app လို့ခေါ်တဲ့ Software update တစ်ခုကနေ ထည့်သွင်းခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလထဲမှာ Dark Horse Program နဲ့ ပထမဆုံး Malware ကူးစက်ခံရတဲ့ ထုတ်ကုန်တွေ တွေ့ရှိခဲ့ပါတယ်။

Malware ထည့်တဲ့အလုပ်ကို ၂၀၁၉ အောက်တိုဘာလအထိ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီကာလအတွင်း Malware ကူးစက်သွားတဲ့ စမတ်ဖုန်းအလုံးရေ ၂၁.၇၅ သန်း ရှိခဲ့ပြီး ကုမ္ပဏီအနေနဲ့လည်း ဒေါ်လာ ၄.၂ သန်း ဝန်းကျင် ရခဲ့တယ်လို့ GSMArena သတင်းက ဆိုပါတယ်။ ဒီအတွက် အသုံးစရိတ်အနေနဲ့ ဒေါ်လာ ၁.၃ သန်းအောက်ပဲ ရှိခဲ့တာ ဖြစ်ပါတယ်။

မိုဘိုင်းဖုန်းတွေကို တရားမဝင်ထိန်းချုပ်မှု လုပ်ဆောင်ရာမှာ အပြစ်ရှိတယ်လို့ တွေ့ခဲ့ရတဲ့ ရှုလီ ၊ ဇူယင်း ၊ ဂျာဇောင်ကွင်းနဲ့ ပန်ယွီတို့ကို ‌တရားရုံးမှ ထောင်ဒဏ် ၃ နှစ် ကနေ ၃ နှစ်ခွဲ ပြစ်ဒဏ်ချခဲ့သလို တစ်ဦးကို ငွေဒဏ်အနေနဲ့ ယွမ် ၂ သိန်း (ဒေါ်လာ ၃ သောင်း ဝန်းကျင် စီ ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

တန်ဖိုးနည်းတရုတ်ဖုန်းကုမ္ပဏီတချို့ဟာ အလားတူ အောက်လမ်းက ငွေရှာတဲ့အလုပ်မျိုးတွေ လုပ်လေ့ရှိပါတယ်။ ဒီထဲမှာ Infinix နဲ့ Tecno တို့လည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က