Aurora ဆီ ရင်းနှီးမြှပ်နှံပြီး အနာဂါတ်မှာ အကျိုးအမြတ်ကို ရယူမှာပါ
Nyein Min Wai

မောင်းသူမဲ့ယာဉ်နည်းပညာလုပ်ငန်း Startup တစ်ခုဖြစ်တဲ့ Aurora ဟာ Uber ရဲ့ မောင်းသူမဲ့နည်းပညာသုတေသန unit တစ်ခုဖြစ်တဲ့ Advanced Technologies Group ကို ဝယ်ယူမယ်လို့ ကြေညာလိုက်ပါတယ်။

အရောင်းအဝယ်သဘောအရ Uber ဟာ Aurora မှာ ရှယ်ယာ ၂၆% ပိုင်ဆိုင်မှာ ဖြစ်ပြီး အဲ့ဒီ Silicon Valley အခြေစိုက်ကုမ္ပဏီမှာဒေါ်လာသန်း ၄၀၀ ရင်းနှီးမြှပ်နှံသွားမှာ ဖြစ်ပါတယ်။ Aurora ရဲ့ CEO ခရစ္စအမ်ဆွန်ဟာ အရင်က Google ရဲ့ မောင်းသူမဲ့ကားပရိုဂရမ်ကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ Uber နဲ့ Aurora တို့ဟာ မောင်းသူမဲ့ကားနည်းပညာဖွံ့ဖြိုးရေးမှာ ဗျူဟာမြောက်ပူးပေါင်းမှုတွေ လုပ်ဆောင်သွားမှာပါ။ 



Photo: newstotoday

Uber ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း မောင်းသူမဲ့ယာဉ်နည်းပညာပိုင်း ဖွံ့ဖြိုးမှုတွေ လုပ်နေရင်းနဲ့ လူသေတဲ့အထိ ကားတိုက်မှုတွေ တရားရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ပစ္စဘာ့ဂ်မှာ Uber ဟာ ကုမ္ပဏီရဲ့ မောင်းသူမဲ့နည်းပညာလုပ်ငန်းကို စတင်တည်ထောင်ခဲ့တာပါ။

ကာနက်ဂီမယ်လွန်တက္ကသိုလ်က သုတေသနပညာရှင် ၄၀ ရဲ့အိုင်ဒီယာနဲ့ ယူသုံးထားတာလို့ ဆိုပါတယ်။ ဒီအော်ပရေးရှင်းကို Uber ATG (Advanced Technologies Group) လို့ ခေါ်ပြီး နောက်ပိုင်းမှာ ဝန်ထမ်း ၁၀၀၀ ကျော်အထိ ခန့်အပ်လာခဲ့တာပါ။ ၂၀၁၆ မှာ Uber ဟာ Google မောင်းသူမဲ့ယာဉ်လုပ်ငန်းဝန်ထမ်းဟောင်း အန်တိုနီ လီဝင်ဒေါ့စကီး တည်ထောင်ထားတဲ့ အလိုအလျောက်မောင်း ထရပ်ကားလုပ်ငန်း Otto ကို ဝယ်ခဲ့ပါတယ်။


Photo: NY Times

Google ပိုင် မောင်းသူမဲ့ကားကုမ္ပဏီ Waymo ဟာ Uber ကို ကုန်သွယ်ရေးလျှို့ဝှက်ချက်နဲ့ ဉာဏပိုင်ဆိုင်မှု ခိုးယူခြင်းတွေနဲ့ ၂၀၁၇ ဖေဖော်ဝါရီလထဲမှာ တရားစွဲခဲ့ပါတယ်။ဒီကိစ္စမှာ ပူးပေါင်းဆောင်ရွက်မှုမရှိတာကြောင့် မေလထဲမှာ Uber ဟာ လီဝင်ဒေါ့စကီးကို အလုပ်ထုတ်ခဲ့ပါတယ်။ Waymo ဟာ အမှုကို အနိုင်ရခဲ့ပြီး Uber ရှယ်ယာထဲက ဒေါ်လာ ၂၄၅ သန်းဖိုး ရခဲ့သလို Waymo ပိုင် အချက်အလက်နဲ့ နည်းပညာတွေ Uber မသုံးနိုင်အောင်လည်း တားမြစ်နိုင်ခဲ့ပါတယ်။ 

Uber ဟာ မောင်းသူမဲ့ယာဉ်တွေရဲ့ အနာဂါတ်ကို အကြီးအကျယ်မျှော်မှန်းချက်ထားခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီး ဒေါ်လာဘီလျံနဲ့ချီ ရင်းနှီးမြှပ်နှံမှုတွေ လုပ်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ ဒီလို ကုန်ကျစရိတ်များတဲ့ လုပ်ငန်းအတွက် အပြင်ပါတနာနဲ့ တွဲဖို့ ဆုံးဖြတ်လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း Uber ဟာ ကုမ္ပဏီရဲ့ မိုးပျံတက္ကစီလုပ်ငန်းဖြစ်တဲ့ Uber Elevate ကို ‌ရောင်းချတော့မယ်လို့ သတင်းတွေ ထွက်နေခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က