ထောင်ဒဏ် ၅ နှစ် ငွေဒဏ် ယူရို ၁ သိန်း ချမှတ်ခဲ့တာပါ
Nyein Min Wai

Ransomware ဂိုဏ်းဝင်တွေအပါအဝင် ဆိုက်ဘာပြစ်မှုကျူးလွန်သူတွေရဲ့ ငွေတွေကို ငွေဖြူဖြစ်အောင် လုပ်ပေးတဲ့ Bitcoin exchange တည်ထောင်သူတစ်ဦးကို ပြင်သစ်တရားရုံးမှ ထောင်ဒဏ်နဲ့ငွေဒဏ်များ ချမှတ်ခဲ့ပါတယ်။

ဖျက်သိမ်းလိုက်ပြီ ဖြစ်တဲ့ BTC-e ငွေလွှဲဝန်ဆောင်မှုပိုင်ရှင် ရုရှားနိုင်ငံသား အလက်ဇန်ဒါး ဗင်းနစ်ခ်ကို ပြင်သစ်နိုင်ငံ ပဲရစ်တရားရုံးက ထောင် ၅ နှစ်ချခဲ့တာ ဖြစ်တယ်လို့ Engadget သတင်းက ဆိုပါတယ်။ ငွေကြေးခဝါချမှုမှာ အပြစ်ရှိကြောင်း ထင်ရှားတဲ့အတွက် ငွေဒဏ်အနေနဲ့လည်း ယူရို ၁ သိန်း (ဒေါ်လာ ၁၂၁၀၀၀) ပေးဆောင်ဖို့ အမိန့်ချခဲ့တာပါ။

Photo: Engadget


ဗင်းနစ်ခ်ကို အမေရိကန်တရားရေးဌာနရဲ့ နိုင်ငံတကာဖမ်းဝါရမ်းနဲ့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဂရိမှာ ဖမ်းဆီးခဲ့တာပါ။ ဒီနှစ်ဆန်းပိုင်းမှာ ပြင်သစ်ကို လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ ဗင်းနစ်ခ်ဟာ ဆိုက်ဘာတိုက်ခိုက်မှုတွေကနေ ခိုးလို့ရလာတဲ့ ငွေတွေကို ခဝါချဖို့ BTC-e ကို အသုံးချခဲ့တယ်လို့ တရားရေးဌာနက စွပ်စွဲထားပါတယ်။

လုံခြုံရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Wizsec ရဲ့ အဆိုအရ ဗင်းနစ်ခ်ရဲ့ ကိုယ်ပိုင် BTC-e အကောင့်တွေဟာ ဒေဝါလီခံသွားတဲ့ ဂျပန်အခြေစိုက် Mt.Gox ဆီက ခိုးထားတဲ့ ရံပုံငွေတွေနဲ့ဆက်စပ်မှုရှိနေတယ်လို့ ဆိုပါတယ်။ Mt.Gox ဆီမှာ အပ်ထားတဲ့ ဒေါ်လာသန်း ၄၈၀ ဝန်းကျင်တန် Bitcoins တွေဟာ ၂၀၁၄ ခုနှစ်မှာ ခိုးယူခံရတာကြောင့် ပျောက်ဆုံးခဲ့တာပါ။ 

၂၀၁၁ ခုနှစ် BTC-e တည်ထောင်ချိန်က စပြီး ဒေါ်လာ ၄ ဘီလျံအထိ ခဝါချခဲ့ခြင်းအတွက် ဗင်နစ်ခ်ကို အမေရိကန်တရားရေးဌာနက အမှုပေါင်း ၁၇ ခုနဲ့ တရားစွဲထားပါတယ်။ ပြင်သစ်အာဏာပိုင်တွေကတော့ ဗင်းနစ်ခ်ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ကနေ ၂၀၁၈ အကြား ဖြစ်ပွားခဲ့တဲ့ပြင်သစ် စီးပွားရေးလုပ်ငန်းနဲ့ အဖွဲ့အစည်းတွေကို တိုက်ခိုက်သွားခဲ့တဲ့ Locky Ransomware ကို ဖန်တီးခဲ့သူလို့ ယုံကြည်နေပါတယ်။

Photo: ZDNet


အီးမေးလ်ကနေ ဖြန့်ဖြူးခဲ့တဲ့ Locky Ransomware ရဲ့ ငွေညှစ်မှုကို ပြင်သစ်နိုင်ငံအတွင်းက လုပ်ငန်းနဲ့ အဖွဲ့အစည်း အနည်းဆုံး ၂၀ က Bitcoin ကနေ ပြန်ပေးဆွဲငွေ ပေးခဲ့ရတယ်လို့ဆိုပါတယ်။ ဗင်းနစ်ခ်ကတော့ သူဟာ BTC-e ဒါရိုက်တာတွေရဲ့ ညွှန်ကြားချက်အတိုင်း လိုက်လုပ်ရတဲ့ နည်းပညာအော်ပရေတာတစ်ယောက်လောက်ပဲ ဖြစ်တယ်လို့ တရားရုံးမှာ ခုခံခဲ့ပါတယ်။

ပြင်သစ်တရားရေးဌာနအနေနဲ့ဗင်းနစ်ပေါ် စွပ်စွဲထားတဲ့ အမှုပေါင်း ၁၄ ခုထဲက တစ်ခုပဲ သက်သေပြနိုင်ခဲ့တယ်လို့ ZDNet က ဖော်ပြထားပါတယ်။ ဒီအမှုဟာ Locky နဲ့ မဆိုင်ဘူးလို့လည်း ဆိုပါတယ်။ တစ်နည်းအားဖြင့် သူဟာ ထောင်ဒဏ် ၁၀ နှစ်နဲ့ ငွေဒဏ် ယူရို ၇ သိန်းခွဲ ပေးဆောင်ရမယ့်အချက်ကို ရှောင်လွှဲနိုင်ခဲ့တာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က