Sony ကတော့ PlayStation ကနေပါ ဖယ်ရှားခဲ့ပါတယ်
Nyein Min Wai

အကြီးအကျယ်မျှော်လင့်ထားခဲ့ကြတဲ့ Cyberpunk 2077 ဂိမ်းဟာ ပွဲဦးထွက်မှာ ဂိမ်းစွမ်းဆောင်ရည်ပြဿနာတွေ တက်ခဲ့တာကြောင့် အခုဆို ဝယ်သူတွေကို Refund ပြန်ပေးတဲ့ အခြေအနေပါ ဆိုက်ရောက်လာနေပါတယ်။

Sony PlayStation 4 နဲ့ Microsoft Xbox စက်တွေနဲ့ Cyberpunk 2077 ကို ကစားခဲ့သူတွေဟာ ဂိမ်းကစားရ အဆင်မပြေဖြစ်မှုတွေနဲ့ ကြုံခဲ့ကြတာပါ။ Sony ရော Microsoft ပါ Cyberpunk 2077 ကို စိတ်ကျေနပ်မှုမရှိတဲ့ ဖောက်သည်တွေကို ငွေပြန်ပေးသွားမယ်လို့ ဒီဇင်ဘာ ၁၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။



Photo GSMArena

Sony ရဲ့ ထုတ်ပြန်ချက်မှာ ဖောက်သည်တွေ စိတ်ကျေနပ်မှုမြင့်မားစေဖို့ PlayStation Store ကနေ Cyberpunk 2077 ဂိမ်း ဝယ်ထားသူတွေကို ငွေအပြည့်ပြန်အမ်းသွားမယ်လို့ ဖော်ပြထားပြီး Refund ပြန်တောင်းနိုင်ဖို့ Website တစ်ခုပါ ထောင်ပေးထားပါတယ်။ Sony ဟာ Cyberpunk 2077 ဂိမ်းကို သူ့ရဲ့ PlayStation Store ပေါ်ကနေကပါ ဖယ်ရှားလိုက်ပါတယ်။

Microsoft ကတော့ သူ့ရဲ့ Microsoft Store ကနေ ဒီဂိမ်းကို Digitally ဝယ်ထားသူတွေကို ငွေအပြည့် ပြန်အမ်းသွားမှာ ဖြစ်ပြီး ဂိမ်းကိုတော့ ဖယ်ရှားခြင်း မရှိပါဘူး။ "တချို့ Cyberpunk ကစားသူတွေဟာ ဂိမ်းစက်အဟောင်းတွေမှာ လက်ရှိကစားရတဲ့အတွေ့အကြုံနဲ့ပတ်သက်လို့ စိတ်ကျေနပ်မှုမရှိတာ ကျွန်တော်တို့ သိပါတယ်။ ဒီအတွက် ကျွန်တော်တို့ ဖောက်သည်တွေကို Refund ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ "လို့ Microsoft ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။ 

Cyberpunk 2077 ကို ရေးဆွဲတဲ့ CD Projekt Red ဟာ ဒီဂိမ်းကို Windows 10 ၊ PlayStation 4 ၊ Xbox One နဲ့ Stadia တို့ပေါ် ဖြန့်ချိခဲ့တာပါ။ PS4 နဲ့ Xbox Oneတို့မှာ ဒီဂိမ်းကစားသူတွေဟာ ဂိမ်းစွမ်းဆောင်ရည် မကောင်းတာ ၊ Gameplay နေချိန်မှာ Frame Rate 20fps နှုန်းအထိ ကျဆင်းတာတွေ ကြုံခဲ့သလို crash ဖြစ်သွားတာလည်း တွေ့ခဲ့ရတယ်လို့ GSMArena သတင်းက ဆိုပါတယ်။

Photo: The New York Times


Cyberpunk 2077 ဟာ လက်ခံနိုင်စရာမရှိအောင် ဂရပ်ဖစ်ပိုင်း ညံ့ဖျင်းသလို ဂိမ်းကစားရင်း ထစ်သွားတာတွေလည်း ရှိတယ်လို့ ဂိမ်းကစားသူတွေက ဝေဖန်နေကြပြီး CD Projekt Red ကလည်း PS4 နဲ့ Xbox One စက်တွေနဲ့ ကစားနေတဲ့ Cyberpunk 2077 ပလေယာတွေကိုတောင်းပန်ခဲ့ပါတယ်။ဝါဆောအခြေစိုက် CD Projekt Red ဂိမ်းကုမ္ပဏီအနေနဲ့ ဂိမ်းကစားမှု အဆင့်မြှင့်တင်ဖို့ patches တွေ ထုတ်ပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ 

အရေးပါတဲ့ patches နဲ့ updates တွေလည်း ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေထဲမှာ ထွက်လာဖို့ ရှိပါတယ်။ Cyberpunk 2077 ဟာ pre-order နဲ့တင် ဒေါ်လာသန်း ၅၀၀ နီးပါးဖိုး ရောင်းချနိုင်ခဲ့တဲ့ ဂိမ်းဖြစ်ပါတယ်။ ၂၀၁၂ မှာ ထွက်မယ်ဆိုပြီး ကြေညာခဲ့ပေမယ့် ကြန့်ကြာနှောင့်နှေးမှုတွေ ဆက်တိုက်ကြုံခဲ့ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့မှ ဖြန့်ချိနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က