ဘယ်လို ချပ်စ်အမျိုးအစား သုံးမလဲဆိုတာ မသိရသေးပါဘူး
Nyein Min Wai

တရုတ်စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Honor ဟာ Qualcomm ရဲ့ 5G chipset သုံးထားတဲ့ ဖုန်းတစ်မျိုး ထုတ်လုပ်နေတယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။

China Securities Journal သတင်းက ဖော်ပြထားတာ ဖြစ်ပြီး အချက်အလက်အသေးစိတ်မသိရသေးပါဘူး။ လက်ရှိကြားသိရသလောက် Honor နဲ့ အမေရိကန်ချပ်စ်ကုမ္ပဏီ Qualcomm တို့ဟာ နှစ်ဦးနှစ်ဖက် ပူးပေါင်းမှုအခြေအနေကောင်းမွန်နေတယ်လို့ ဆိုပါတယ်။ ကုမ္ပဏီနှစ်ခုအနေနဲ့ ပစ္စည်းအစိတ်အပိုင်းပို့ဆောင်ရေး သဘောတူညီချက်ရဖို့လည်း နီးကပ်နေတယ်လို့ သတင်းထွက်နေပါတယ်။

Photo: gizchina

ပြီးခဲ့တဲ့ Snapdragon Technology Summit မှာလည်း Qualcomm ရဲ့ ဥက္ကဌ ခရစ္စတီယာနို အာမန်က Honor နဲ့အတူ လက်တွဲပြီး စီးပွားရေးလုပ်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ အခုထိတော့ Honor ရဲ့5G ဖုန်းအခြေအနေနဲ့ သုံးမယ့် processor အကြောင်း မသိရသေးပါဘူး။ သေချာသလောက်ရှိတာက မကြာခင်ထွက်လာမယ့် Honor V40 series မှာတော့ Qualcomm သုံးဖို့ မရှိဘူးဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။

ဇန်နဝါရီလထဲမှာ မိတ်ဆက်သွားမယ့် Honor ရဲ့ Flagship ဖုန်းသစ် Honor V40 ဖုန်းဟာ ထိုင်ဝမ်ချပ်စ်ကုမ္ပဏီ MediaTek ရဲ့ Dimensity 1000+ SoC နဲ့လာမယ်လို့ သတင်းထွက်နေပါတယ်။ ဒီဖုန်းဟာ 90Hz refresh rate display ပါရှိပြီး touch sampling rate အနေနဲ့ အမြင့်ဆုံးဖုန်းဖြစ်မယ်လို့လည်း သတင်းပြေးနေပါတယ်။ 66W Fast Charging ပါမယ်ဆိုတဲ့ Honor V40 ကိုလည်း ဘယ်အချိန်မိတ်ဆက်မလဲဆိုတာ တရားဝင် ပြောကြားခြင်း မရှိသေးပါဘူး။

Honor ကို Huawei ဆီကနေ Zhixin New Information Technology က ဝယ်ယူလိုက်ပြီးနောက်မှာ ကုမ္ပဏီဟာ ဖုန်းတင်ပို့မှု ၄၀% အထိ မြှင့်တင်သွားမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ၂၀၂၁ ခုနှစ်ထဲမှာ Honor အနေနဲ့ ဖုန်းအလုံးရေ သန်း ၁၀၀ အထိ ထုတ်လုပ်ဖို့ မျှော်မှန်းထားတယ်လို့ Nikkei Asia သတင်းက ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က