နောင် ၅ နှစ်ကနေ ၇ နှစ်အတွင်း Apple ထုတ်ကားတွေ မြင်ရဖို့ ရိှပါတယ်

ကိုယ်ပိုင်လျှပ်စစ်ကားထုတ်လုပ်မယ့် Apple နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ထားတယ်လို့ Hyundai ကားကုမ္ပဏီက အတည်ပြုပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေကပဲ Apple Car အစီအစဉ်အကြောင်း သတင်းတွေ ကြားလာခဲ့တာပါ။ Apple အနေနဲ့ အရင်ကတည်းက Project Titan နာမည်နဲ့ ကိုယ်ပိုင်ကားထုတ်လုပ်ရေးအစီအစဉ်ကို လုပ်ဆောင်ထားတာ ဖြစ်ပြီး တိုးတက်မှုတွေ ရနေတယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။ ၂၀၂၄ မှာ Apple Car ဆိုပြီး ထွက်လာမယ်လို့ပါ တချို့က ခန့်မှန်းနေကြတာ ဖြစ်ပါတယ်။



Photo: Tech Crunch


တချို့သတင်းတွေကတော့ Apple ရဲ့ ကိုယ်ပိုင်လျှပ်စစ်ကားဟာ ၂၀၂၈ ခုနှစ်အထိ ထွက်ရှိနိုင်မှာ မဟုတ်ဘူးလို့လည်း ပြောထားတာ ရှိပါတယ်။ အခုတော့ ကိုရီးယားကုမ္ပဏီ Hyundai Motor ဟာ Apple နဲ့ ကားထုတ်လုပ်ရေးအတွက် စကားပြောထားတာ ရှိတယ်လို့ ကိုရီးယားသတင်းဌာန Hankyung က ဆိုပါတယ်။ Hyundai Motor ကလည်း ဒီသတင်းကို အတည်ပြုထားပါတယ်။

"Apple အနေနဲ့ Hyundai Motor အပါအဝင် ကမ္ဘာ့ကားကုမ္ပဏီအမျိုးမျိုးနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်နေတာ နားထောင်ပါတယ်။ ဆွေးနွေးမှုက အခုမှ ကနဦးအဆင့်ပဲရှိသေးတာ ဖြစ်လို့ ဘာမှတော့ ဆုံးဖြတ်ချက်ထွက်မလာသေးပါဘူး"လို့ Hyundai က ဆိုပါတယ်။

Hankyung ရဲ့ သတင်းအရ Hyundai ဟာ Apple ရဲ့ လျှပ်စစ်ကားထုတ်လုပ်ရေးအပြင် နောင်လာမယ့် ကားတွေအတွက် အထူးဘက်ထရီတွေ ဖွံ့ဖြိုးရေးမှာပါ ကူညီဖို့ ဆွေးနွေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ လိုအပ်တဲ့ ကားပစ္စည်းအစိတ်အပိုင်း ထုတ်လုပ်မှုကို အမေရိကန်မှာ ရှိတဲ့ Hyundai Motorရဲ့ စက်ရုံတွေမှာ ထုတ်လုပ်ဖို့ ရှိပါတယ်။ Bloomberg သတင်းအရ Apple Car ဖြန့်ချိမှုဟာ ၅ နှစ်ကနေ ၇ နှစ်ကြာမှ ဖြစ်လာနိုင်ဖို့ ရှိပြီး မိတ်ဆက်မယ်ဆိုရင် ၂၀၂၇ လောက်မှ ဖြစ်နိုင်မယ်လို့ ဆိုပါတယ်။

Apple Car စီမံကိန်းအကြောင်း သတင်းတွေက ဒီနှစ်ပိုင်းအတွင်းမှာ ပလူပျံအောင် ကြားရဖို့လည်း ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က