တရုတ်စစ်တပ်နဲ့ ဆက်စပ်နေတဲ့ နောက်ထပ်ကုမ္ပဏီ ၉ ခုကို အမေရိကန်အစိုးရအဖွဲ့ဟာ Blacklist သွင်းလိုက်တယ်လို့ ဆိုပါတယ်။
ဒီတစ်ခေါက် နာမည်ပျက်စာရင်းသွင်းခံရတဲ့ ကုမ္ပဏီတွေထဲမှာ ကမ္ဘာ့တတိယအကြီးဆုံး ဖုန်းကုမ္ပဏီ Xiaomi လည်း ပါလာတာ ဖြစ်တယ်လို့ Gizmochina သတင်းက ဖော်ပြထားပါတယ်။ ထရမ့်ဦးဆောင်တဲ့ အမေရိကန်အစိုးရအဖွဲ့ဟာ တရုတ်စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီတွေကို Blacklist သွင်းလာတာ ဖြစ်ပါတယ်။ အမေရိကန်ရင်းနှီးမြှပ်နှံသူတွေအနေနဲ့ အထူးပိတ်ပင်စာရင်း Blacklist ဝင်တဲ့ ကုမ္ပဏီတွေမှာ ရင်းနှီးမြှပ်နှံမှု လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။
Photo: Spectrum News
Reuters သတင်းအရ အမေရိကန်ရင်းနှီးမြှပ်နှံသူတွေဟာ Xiaomi အပါအဝင် Blacklist စာရင်းဝင် ကုမ္ပဏီတွေဆီက အစုရှယ်ယာဝယ်ယူခွင့် ရှိမှာ မဟုတ်သလို သူတို့ရဲ့ ရှိပြီးသား ပိုင်ဆိုင်မှုတွေကိုလည်း ယခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှာ အပြီးသတ် ရောင်းချရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ Xiaomi နဲ့ ကုမ္ပဏီ ၈ ခုကို တရုတ်စစ်တပ်နဲ့ ပတ်သက်မှုရှိတယ်ဆိုတဲ့အပေါ်တော့ အမေရိကန်အစိုးရအဖွဲ့အနေနဲ့ သက်သေထုတ်ပြန်ခြင်း မရှိပါဘူး။
အခုလို Blacklist မသွင်းခင်ကလည်း အမေရိကန်အစိုးရအဖွဲ့ဟာ Huawei ၊ DJI နဲ့ SMIC တို့လို တရုတ်နည်းပညာကုမ္ပဏီတွေကိုလည်း Blacklist ထည့်ခဲ့ပါတယ်။ လက်ရှိမှာ အမေရိကန်အစိုးရအဖွဲ့ရဲ့ Blacklist စာရင်းမှာ ပါဝင်နေတဲ့ တရုတ်ကုမ္ပဏီပေါင်း ၆၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။ Huawei နဲ့ မတူတာက Xiaomi ဟာ Entity List မှာ သွင်းခံရတာ မဟုတ်တာကြောင့် လိုင်စင်မလိုဘဲ အမေရိကန်နည်းပညာတွေကို တင်သွင်းနိုင်ဦးမှာ ဖြစ်ပါတယ်။