ဒါဇင်နဲ့ချီတဲ့ လျှောက်လွှာတွေကိုလည်း အမေရိကန်အစိုးရဘက်မှ ပယ်ဖျက်ဖို့ ရှိပါတယ်
Nyein Min Wai

Huawei ဆီ ပစ္စည်းရောင်းချဖို့ ထုတ်ပေးထားတဲ့ လိုင်စင်တချို့ကို တရားဝင်ပယ်ဖျက်လိုက်ကြောင်း Intel အပါအဝင် Huawei suppliers တွေကို သမ္မတထရမ့်အစိုးရအဖွဲ့မှ အသိပေးလိုက်ပါတယ်။

Reuters သတင်းအရ တယ်လီကွန်းဆက်သွယ်ရေးလုပ်ငန်းအတွက် ပစ္စည်းထောက်ပံ့ပေးမယ့် တခြား ဒါဇင်နဲ့ချီတဲ့ လျှောက်လွှာတွေကိုလည်း အမေရိကန်အစိုးရဘက်မှ ပယ်ဖျက်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ သမ္မတထရမ့်လက်ထက် ဝါရှင်တန်အစိုးရအဖွဲ့အနေနဲ့ အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်ထားတဲ့ Huawei ကို အားနည်းဖို့အတွက် နောက်ဆုံးအကြိမ် ထိုးနှက်ချက်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။



Photo: gotravelblogger


လာမယ့်ဗုဒ္ဓဟူးနေ့ ဒီမိုကရက်တစ်ပါတီဝင် ဂျိုးဘိုင်ဒင် သမ္မတရာထူးမယူခင် ထရမ့်အစိုးရအဖွဲ့မှ တရုတ်ကုမ္ပဏီအတော်များများကို ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်လာနေတာပါ။ အမေရိကန်စီးပွားကူးသန်းဌာနအနေနဲ့ သီးသန့်လိုင်စင်ဆိုင်ရာ ဆုံးဖြတ်ချက်အပေါ် မှတ်ချက်ချခြင်း မရှိပေမယ့် ဌာနအနေနဲ့ အမေရိကန်အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားမူဝါဒအကျိုးစီးပွားမှ ကာကွယ်တဲ့ နည်းလမ်းနဲ့ပဲ လိုင်စင်ချပေးတဲ့ မူဝါဒကို တသတ်မှတ်တည်း လုပ်ဆောင်ဖို့ တခြားအေဂျင်စီတွေနဲ့လည်း ဆက်လက်လက်တွဲသွားမယ်လို့ ဆိုပါတယ်။

Semiconductor Industry Association ရဲ့ Reuters ဆီ ပေးပို့တဲ့ အီးမေးလ်မှာအမေရိကန်စီးပွားကူးသန်းဌာနအနေနဲ့ Huawei ကို တင်ပို့ဖို့အတွက် လာလျှောက်တဲ့ လိုင်စင်တွေ ငြင်းပယ်သွားဖို့ ရှိသလို ထုတ်ပေးပြီး လိုင်စင်ထဲကလည်း အနည်းဆုံးတစ်ခု ပယ်ဖျက်ဖို့ ရှိတယ်လို့ ပြောထားပါတယ်။ နီးစပ်တဲ့ သတင်းအရင်းအမြစ်အရ ကုမ္ပဏီလေးခုဆီက လိုင်စင် ၈ မျိုးအထိ အမေရိကန်အစိုးရဘက်မှ ပြန်ရုပ်သိမ်းဖို့ ရှိတယ်လို့ ဆိုပါတယ်။

Intel နဲ့အတူ ဂျပန်အခြေစိုက် Flash Memory Chip ထုတ်လုပ်သူ Kioxia Corp ရဲ့ လိုင်စင်လည်း ပယ်ဖျက်ခံရဖို့ ရှိတယ်လို့ သတင်းထွက်နေပါတယ်။ လိုင်စင်အငြင်းခံရမယ့် ကုမ္ပဏီတွေကို ရက် ၂၀ ကြို သတိပေးစာပို့မှာပါ။ ဆုံးဖြတ်ချက်အပြောင်းအလဲ ရှိမယ်ဆိုရင်လည်း စီးပွားကူးသန်းဌာနဘက်မှ အသိပေးဖို့ ၄၅ ရက် အချိန်ယူမှာပါ။ ကုမ္ပဏီအနေနဲ့ ဒီဆုံးဖြတ်ချက်ကို အယူခံဝင်ဖို့ ၄၅ ရက် ရမယ်လို့ ဆိုပါတယ်။


Photo: straitstimes


အမေရိကန်အစိုးရအဖွဲ့ဟာ Huawei ကို စီးပွားကူးသန်းဌာနရဲ့ ကုန်သွယ်ရေးပိတ်ဆို့စာရင်း Entity List မှာ ပြီးခဲ့တဲ့ ၂၀၁၉ မေလက ထည့်သွင်းခဲ့ပြီး အမေရိကန်ထုတ်ကုန်နဲ့ နည်းပညာများ Huawei ဆီ ရောင်းချခွင့် ကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။ Intel ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲမှာ Huawei Technologies အတွက် တချို့ထုတ်ကုန်တွေ ထောက်ပံ့ဖို့ လိုင်စင်ရခဲ့တယ်လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က