အတည်မပြေုနိုင်တဲ့ အကောင့်တွေကိုဖေဖော်ဝါရီ ၁၅ ရက်နေ့အထိ Access ပိတ်ထားမှာပါ
Nyein Min Wai

TikTok လူမှုကွန်ရက်ပေါ် နာမည်ကြီးနေတဲ့ Blackout Challenge မှာ ပါဝင်ခဲ့ဖွယ်ရှိတဲ့ အသက် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦး မတော်တဆသေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက် အသက်အတိအကျ အတည်မပြုနိုင်တဲ့ သုံးစွဲသူတချို့အတွက် TikTok သုံးစွဲမှုကို အီတလီမှာ ပိတ်ပင်ထားပါတယ်။

အီတလီနိုင်ငံ ပါလာမိုဆေးရုံမှာ အသက်ရှုကြပ်သေဆုံးသွားခဲ့တဲ့ မိန်းကလေးငယ်ရဲ့ အမှုကို စုံစမ်းနေချိန်မှာ အခုလို သတင်းထွက်လာတာ ဖြစ်ပါတယ်။ အသက် ၁၀ နှစ်ပဲ ရှိသေးတဲ့ မိန်းကလေးငယ်ဟာ အိမ်မှာရှိတဲ့ ရေချိုးခန်းအတွင်းမှာ ဖုန်းတစ်လုံးနဲ့အတူ လဲကျနေတာကို သူမရဲ့ အသက် ၅ နှစ်အရွယ် ညီမဖြစ်သူက တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ The Guardian သတင်းက ဆိုပါတယ်။ 



Photo: The Economic Times

သူမမသေဆုံးခင်မှာ အွန်လိုင်းပေါ် နာမည်ကြီးနေတဲ့ Blackout Game ကစားနေခဲ့တယ်လို့ သေဆုံးသူမိန်းကလေးရဲ့ ညီမဖြစ်သူက မိဘတွေကို ပြန်ပြောခဲ့တာပါ။ Blackout Challenger ဆိုတာ လက်တလော လူမှုကွန်ရက်တွေမှာ နာမည်ကြီးနေတဲ့ လည်ပင်းကို တစ်ခုခု ပတ်ထားပြီး အသက်အောင့်လျက်သား အနေအထားနဲ့ TikTok ရိုက်ပြရတဲ့ Challenge ဖြစ်ပါတယ်။ ဒီ Challenge လုပ်ရင်း ဦးနှောက်ဆီ အောက်ဆီဂျင်မရောက်တာကြောင့် အသက်ရှုကြပ်ပြီး သေဆုံးသွားတာ ဖြစ်ဖို့ ရှိတယ်လို့ ယူဆထားပါတယ်။

တရုတ်လူမှုကွန်ရက်ကုမ္ပဏီ ByteDance ပိုင် TikTok ရဲ့ စည်းမျဉ်းစည်းကမ်းတွေထဲမှာ သုံးစွဲသူတွေဟာ အနည်းဆုံး အသက် ၁၃ နှစ် ရှိပြီးဖြစ်ရမယ်လို့ ပါရှိပါတယ်။ သောကြာနေ့က ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဒီ Challenge မှာ ပါဝင်ဖို့ မိန်းကလေးကို တိုက်တွန်းဖွယ်ရှိတဲ့ Content တွေ ရှာလို့ မတွေ့ဘူးလို့ ပြောထားပြီး ကိုယ့်ကိုယ်ကိုယ် သက်သေအောင် တွန်းအားပေးဖွယ်ရှိတဲ့ အပေါ် အာဏာပိုင်တွေနဲ့အတူ ပူးပေါင်း ဖော်ထုတ်ဖို့ ကူညီပေးသွားမယ်လို့ ဆိုပါတယ်။

Photo: The Guardian

"TikTok အသိုင်းအဝိုင်း ဘေးကင်းလုံခြုံရေးက ကျွန်တော်တို့ရဲ့ အကြွင်းမဲ့ဦးစားပေးပါ။ ဒါကြောင့်ပဲ သုံးစွဲသူတွေအတွက် အန္တရာယ်ရှိတဲ့ အပြုအမူတွေ ဖြစ်အောင် လှုံ့ဆော်တိုက်တွန်းတဲ့ ဘယ်အကြောင်းအရာမှ ခွင့်ပြုသွားမှာ မဟုတ်ပါဘူး" လို့ TikTok ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အီတလီ အချက်အလက်ကာကွယ်ရေး အာဏာပိုင်အဖွဲ့အစည်းကတော့ TikTok ပေါ်မှာ အသုံးပြုသူတွေရဲ့ အချက်အလက်များမှတစ်ဆင့် အသက်အရွယ် တိတိကျကျ မပြနိုင်တဲ့ အကောင့်တွေကို ပိတ်ပင်ဖို့ ညွန်ကြားထားပါတယ်။ TikTok ပေါ်မှ အသက်အရွယ် အချက်အလက် မပြည့်စုံတဲ့ အီတလီမှအကောင့်တွေကို ပိတ်ပင်မယ့်အမိန့်ဟာ ဖေဖော်ဝါရီ ၁၅ ရက်နေ့အထိ သက်ရောက်မှု ရှိမှာ ဖြစ်တယ်လို့ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က