Huawei ဘက်ကတော့့ ဒီသတင်းကို ငြင်းဆန်ထားပါတယ်
Nyein Min Wai

Huawei ဟာကုမ္ပဏီရဲ့ Flagship lineup ဖြစ်တဲ့ Huawei P နဲ့ Mate Series တွေ ရောင်းချဖို့ ဆွေးနွေးမှု လုပ်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

Reuters သတင်းမှာ ဖော်ပြခဲ့တာ ဖြစ်ပြီး Huawei P series နဲ့ Mate Series တွေကို ရှန်ဟိုင်းအစိုးရ အထောက်အပံ့ပြုထားတဲ့ လုပ်ငန်းစုတစ်ခုဆီ ရောင်းချဖို့ ဆွေးနွေးနေတာလို့ ဆိုပါတယ်။ ဆွေးနွေးမှုလုပ်နေတာ လနဲ့ချီကြာနေပြီ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အတွင်းသတင်းအရင်းအမြစ် ၂ ခုက ဆိုပေမယ့် အခုထိတော့ အဆုံးသတ်ဆုံးဖြတ်မှု ထွက်မလာသေးဘူးလို့လည်း သိရပါတယ်။



Photo: GSMARena

တစ်ဖက်မှာလည်း Huawei အနေနဲ့ စမတ်ဖုန်းတွေ ဆက်လက်ထုတ်လုပ်နိုင်ဖို့ နိုင်ငံခြား ပစ္စည်းအစိတ်အပိုင်း Suppliers တွေအစား ပြည်တွင်း Suppliers တွေနဲ့ အစားထိုးနိုင်ဖို့မျှော်လင့်ချက်ထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ Huawei Mate နဲ့ P series တွေဟာ ကုမ္ပဏီရဲ့အရေးပါတဲ့ ပင်မ Flagship ဖုန်းနှစ်မျိုးဖြစ်ပြီး ၂၀၁၉ တတိယသုံးလပတ်နဲ့ ၂၀၂၀၁ တတိယသုံးလပတ်အတွင်း ၁၂ လတာမှာ ဒီစီးရီးနှစ်မျိုးကနေ ကုမ္ပဏီအတွက် ဒေါ်လာ ၃၉.၇ ဘီလျံ ရှာပေးနိုင်ခဲ့ပါတယ်။

၂၀၂၀ တတိယသုံးလပတ်တစ်ခုတည်းမှာကို ဒီ Flagship Lineup နှစ်မျိုးဟာ Huawei စုစုပေါင်း ရောင်းအားရဲ့ ၄၀% နီးပါးကို ဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာ Huawei အနေနဲ့ ဖုန်းပစ္စည်းအစိတ်အပိုင်း ပြတ်လပ်မှုနဲ့ အရေးတကြီး ကြုံတွေ့နေရတာာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလလယ်ထဲမှာ ကုမ္ပဏီရဲ့ ပင်မကန်ထရိုက်စက်ရုံ TSMC နဲ့ စီးပွားရေးအဆက်ဖြတ်ခံထားရပါတယ်။ 

အတွင်းသတင်းတွေအရ အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒန်လက်ထက်မှာလည်း Huawei အနေနဲ့ ကန့်သတ်မှုတွေကနေ ဖြေလျှော့မှုရဖို့ အလားအလာ သိပ်မရှိဘူးလို့ ယူဆထားပါတယ်။ ဒါကြောင့်ပဲ P Series နဲ့ Mate series တွေ ဆက်ပြီး ချုပ်ကိုင်ထားရင်လည်း အကြောင်း ထူးဖို့ အလားအလာနည်းနေတာပါ။ ပြီးခဲ့တဲ့တစ်နှစ်ခန့်က ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူနေရာ ရောက်ခဲ့ဖူးတဲ့ Huawei ဟာ ကုမ္ပဏီဆက်လက်ရပ်တည်နိုင်ရေးအတွက် Sub-Brand တစ်ခုဖြစ်တဲ့ Honor ကို ရောင်းချခဲ့ရပြီး ထိပ်ဆုံးဖုန်းအမှတ်တံဆိပ်နေရာကနေ ဖယ်ပေးခဲ့ရပါတယ်။

Photo: The Independent


မျှော်လင့်ချက်တစ်ခုအနေနဲ့ Kirin Chipset ထုတ်လုပ်မှုကို တရုတ်ရဲ့ အကြီးဆုံး Chip ကုမ္ပဏီ SMIC ဆီ ပြောင်းရွှေ့နိုင်ဖို့ ရှိပါတယ်။ လောလောဆယ်မှာ SMIC ဟာ 14nm process အခြေခံ HiSilicon chips ဖြစ်တဲ့ Kirin 710A ကို ထုတ်လုပ်ထားပြီး ဖြစ်ပါတယ်။ SMIC ကလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေးကန့်သတ်ပိတ်ပင်စာရင်း Entity List မှာ ရောက်သွားတာ ဖြစ်လို့ ကုန်ထုတ်လုပ်မှုအခက်အခဲတွေ တွေ့နေပါတယ်။

Huawei ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ကုမ္ပဏီရဲ့ Flagship series တွေကို ရောင်းချဖို့ အစီအစဉ်မရှိကြောင်း ငြင်းဆန်ထားပါတယ်။ တစ်ခုရှိတာက Honor Brand ကို ‌ရောင်းတော့မယ်လို့သတင်းတွေ ထွက်ချိန်မှာလည်း အလားတူ ငြင်းဆန်ခဲ့တာမျိုး ရှိခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က