ကုမ္ပဏီသမိုင်းမှာ စံချိန်သစ်ပါ
Nyein Min Wai

၂၀၂၁ ပထမသုံးလပတ်ရငွေ စစ်တမ်းမှာ Apple ဟာ ကုမ္ပဏီသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် သုံးလပတ်ဝင်ငွေ ဒေါ်လာဘီလျံ ၁၀၀ ကျော် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

Apple ရဲ့ ၂၀၂၁ ပထမသုံးလပတ်ဖြစ်တဲ့ ၂၀၂၀ အောက်တိုဘာ ကနေ ဒီဇင်ဘာ ၃ လအတွင်းမှာ ဝင်ငွေ ဒေါ်လာ ၁၁၁.၄၄ ဘီလျံ နဲ့ အမြတ်ငွေ ဒေါ်လာ ၂၈.၆ ဘီလျံ ရှိခဲ့တယ်လို့ GSMArena သတင်းက ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ပထမသုံးလပတ် (၂၀၁၉ အောက်တိုဘာမှ ဒီဇင်ဘာ) အတွင်း ကုမ္ပဏီရဲ့ ဝင်ငွေ ဒေါ်လာ ၉၁.၈ ဘီလျံ ၊ အမြတ်ငွေ ဒေါ်လာ ၂၂.၂ ဘီလျံ တို့နဲ့ နှိုင်းယှဉ်နိုင်ပါတယ်။



Apple ရဲ့ ၂၀၂၁ Q1 ဝင်ငွေကို ဈေးကွက်ခန့်မှန်းသူတွေက ဒေါ်လာ ၁၀၃.၃ ဘီလျံ ရဖို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။ iPhone ဝင်ငွေကပဲ ဒေါ်လာ ၆၅.၆ ဘီလျံ ရှိခဲ့ပြီး ဈေးကွက်ခန့်မှန်းသူတွေ မျှော်လင့်ထားတဲ့ ဒေါ်လာ ၆၀.၃၃ ဘီလျံကို ကျော်လွန်ခဲ့ပါတယ်။ ၂၀၂၀ နှစ်အကုန်ပိုင်းမှာ Apple ဟာ ပထမဆုံး 5G ဖုန်းသစ် ၄ မျိုးဖြစ်တဲ့ iPhone 12 mini ၊ iPhone 12/12 Pro နဲ့ iPhone 12 Pro Max တို့ကို မိတ်ဆက်သွားခဲ့တာ ဖြစ်ပါတယ်။

Photo: News Break

သုံးလပတ် iPhone ရောင်းအား စံချိန်ဟာ ၂၀၁၈ ပထမသုံးလပတ်ဖြစ်ပြီး အဲ့ဒီအချိန်က ဒေါ်လာ ၆၁.၅၈ ဘီလျံ ဝင်ခဲ့တာလည်း ဖြစ်ပါတယ်။ COVID-19 ကြောင့် အိမ်ကနေ အလုပ်လုပ်သူတွေနဲ့ ပညာသင်ယူမှုတွေကြောင့် Apple ရဲ့ Mac နဲ့ iPad ထုတ်ကုန်တွေရဲ့ ရောင်းအားဟာ ထိုးတက်ခဲ့ပါတယ်။ ၂၀၂၀ အကုန်နောက်ဆုံး သုံးလအားလပ်ရက် အတွင်းမှာ iPad ရောင်းအားဟာ ၄၁% အထိ ထိုးတက်ခဲ့ပြီး Mac ရောင်းအားကတော့ နှစ်အလိုက် ၂၁% မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒီသုံးလပတ်အတွင်းမှာ ကမ္ဘာတလွှား အသုံးပြုနေတဲ့ Apple ထုတ်ကုန်ပေါင်း ၁.၆၅ ဘီလျံရှိလာပြီး ဒီထုတ်ကုန်တွေထဲက အလုံးရေ ၁ ဘီလျံကျော်ဟာ iPhones တွေ ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ CEO တင်မ်ကွတ်က ရင်းနှီးမြှပ်နှံသူတွေနဲ့ ဝင်ငွေရလဒ်ရှင်းတမ်းမှာ ပြောထားပါတယ်။ Apple ရဲ့ တခြားထုတ်ကုန်တွေ ဖြစ်ကြတဲ့ AirPods ./ AirPods Pro နဲ့ Apple Watch တို့လည်း အားလပ်ရက်ရာသီအတွင်း ရောင်းအား ပိုကောင်းခဲ့ပြီး ဝတ်ဆင်နိုင်တဲ့ စမတ်ထုတ်ကုန်ကဏ္ဍဟာ နှစ်အလိုက် ၃၀% မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

Photo: AP News


၂၀၂၁ ပထမသုံးလပတ်အတွက် Services ကဏ္ဍဝင်ငွေဟာ ဒေါ်လာ ၁၅.၇၆ ဘီလျံ ၊ ထုတ်ကုန်ဝင်ငွေကနေ ဒေါ်လာ ၉၅.၆၈ ဘီလျံနဲ့ Wearables ထုတ်ကုန်ဝင်ငွေ ဒေါ်လာ ၁၂.၉၇ ဘီလျံစီ ရှိခဲ့ပြီး ဝင်ငွေအရပ်ရပ်ဟာ ဈေးကွက်သုံးသပ်သူများ ခန့်မှန်းတာထက် ကျော်လွန်တဲ့ရလဒ်ကို ရခဲ့တာလည်း ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က