လူမှုကွန်ရက်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Facebook ဟာ Apple ကို တရားစွဲဖို့ လအတော်ကြာ ပြင်ဆင်နေတယ်လို့ သတင်းထွက်နေပါတယ်။
Apple App Store ရဲ့ ဈေးကွက်လက်ဝါးကြီးအုပ်တဲ့ စည်းမျဉ်းတွေကို ဦးတည်ပြီး တရားစွဲဆိုဖို့ ပြင်နေတာလို့ ဆိုပါတယ်။ ကုမ္ပဏီရဲ့ ကိုယ်ပိုင် Apps တွေ ကိုယ်တိုင် မလိုက်နာတဲ့ App Store rules တွေကို လိုက်နာဖို့ Developers တွေကို ဖိအားပေးနေတာကြောင့်လို့ Engadget သတင်းက ဖော်ပြထားပါတယ်။ App Store ပေါ်က apps တွေမှာ privacy labels တွေ ထည့်ဖို့ Developer တွေကို ညွှန်ကြားထားကတည်းက Apple နဲ့ Facebook အကြား အကြိတ်အခဲလေးတွေ ရှိခဲ့တာ ဖြစ်ပါတယ်။'
Photo: appleinsider
သတင်းတွေအရ Facebook ဟာ Apple ကို တရားစွဲနိုင်ဖို့ ပြင်ပဥပဒေရေးရာကျွမ်းကျင်သူတွေနဲ့ လအတော်ကြာ တိုင်ပင်ပြင်ဆင်နေတယ်လို့ ပါရှိပါတယ်။ The Information သတင်းအရ တကယ်လို့ Facebook သာ Apple ကို တရားစွဲမယ်ဆိုရင် တိုင်ကြားမယ့်အချက်တွေထဲမှာ Third-party messenger apps တွေကို Default app ထားဖို့ ခွင့်မပြုတာမျိုး အပါအဝင် Apple ရဲ့ ဈေးကွက်ကျင့်ထုံးတွေကို ဦးတည်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
Photo: appleinsider
Apple ရဲ့ လုပ်ရပ်ဟာ လုပ်ငန်းသေးလေးတွေကို ခြိမ်းခြောက်နေတာ ဖြစ်တယ်လို့ Facebook က စွပ်စွဲခဲ့ဖူးပါတယ်။ အထူးသဖြင့် iOS 14 မှာ ပါတဲ့ Privacy Features သစ်ကြောင့် ဈေးကွက်နဲ့ ကြော်ငြာပိုင်း ထိခိုက်မှု ရှိနိုင်တယ်လို့ ပြီးခဲ့တဲ့လကပဲ Facebook ပလက်ဖောင်းမှာ သတိပေးခဲ့တာပါ။ Apple ကတော့ ဒါဟာ သုံးစွဲသူရဲ့ Privacy ကို ကာကွယ်တာ ဖြစ်တယ်လို့ ခုခံပြောဆိုခဲ့ပါတယ်။
Apple ဟာ ပြီးခဲ့တဲ့နှစ်ထဲမှာလည်း ဈေးကွက်လက်ဝါးကြီးအုပ်မှုကြောင့် Epic Games ရဲ့ တရားစွဲဆိုမှု ခံထားရတာ ဖြစ်ပါတယ်။ Epic Games အနေနဲ့ App ရောင်းချမှုပေါ် ကော်မရှင်ကောက်ခံမှုနဲ့ ဂိမ်းအတွင်း in-app ဝယ်ယူမှုအပါအဝင် Apple ရဲ့ စီးပွားရေးလုပ်ထုံးတွေကို တရားစွဲဆိုခဲ့တာပါ။ ပြီးခဲ့တဲ့လထဲမှာ Facebook ဟာ Epic Games ကို ထောက်ခံဖို့ အတွင်းရေးအထောက်အထားတွေ ပေးပို့သွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
လောလောဆယ် တရားစွဲမယ့်အစီအစဉ်အကြောင်း Facebook ဘက်က အတည်ပြုပြောကြားခြင်း မရှိသေးပေမယ့် Apple ဟာ App Developers တွေနဲ့ လုပ်ငန်းငယ်တွေရဲ့ ကုန်ကျစရိတ်ကနေ အမြတ်ထုတ်ဖို့ App Store ကို ထိန်းချုပ်ထားပြီး ဈေးကွက်ပြိုင်ဆိုင်မှုကို ချိုးဖောက်နေတယ်လို့ ယုံကြည်ကြောင်း ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။။ ဒီတစ်ပတ် ထွက်လာခဲ့တဲ့ Facebook ရဲ့ စတုတ္ထသုံးလပတ် ဝင်ငွေရလဒ်စစ်တမ်းမှာလည်း ကုမ္ပဏီ CEO မတ်ခ်ဇူကာဘတ်ခ်က Apple ကို ကုမ္ပဏီရဲ့ အကြီးဆုံးပြိုင်ဘက်တွေထဲက တစ်ဦးအဖြစ် ရှုမြင်ကြောင်း ပြောထားပါတယ်။