ဝက်ဘ်ဆိုက်တချို့ အခုထိ ဝင်မရသေးပါဘူး

ဖေဖော်ဝါရီ ၁၆ ရက်နေ့ကစပြီး ဒီနေ့ညနေပိုင်းအထိ ဗဟိုဘဏ်နဲ့ ငွေတိုက်စာချုပ်ဌာန အပါအဝင် အစိုးရဝက်ဘ်ဆိုက်တချို့ ဝင်ကြည့်မရအောင် ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်ခဲ့ပါတယ်။

ဘဏ်များ ၊ အခွန်ဌာန ၊ စီးပွားရေး လုပ်ငန်း ၊ စစ်တပ်နဲ့ တပ်ပိုင် မီဒီယာလုပ်ငန်းများမှ ဝက်ဘ်ဆိုက် ၂၀ ကျော်ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကို Myanmar Hackers အဖွဲ့မှ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သူတို့ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။ 



အခုလို တိုက်ခိုက်ရတာဟာ အာဏာသိမ်း စစ်အစိုးရမဖြစ်မနေ ပြုတ်ကြဖို့ စစ်အစိုးရကို ထောက်ကန်ပေးနေတဲ့ ဒေါက်တိုင်ဌာနနဲ့ လုပ်ငန်းတွေကို Online က အပြုတ်တိုက်နေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ Myanmar Hackers အဖွဲ့ဟာ ဖေဖော်ဝါရီ ၁၅ ရက်နေ့ကလည်း မြဝတီဘဏ် ၊ မြဝတီရုပ်သံ ၊ DICA စီးပွားရေး ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ ၊ ကုန်သွယ်ရေး နဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေး စတဲ့ ဝက်ဘ်ဆိုက်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။

Photo: သင်ကိုယ်တိုင် Hack Blog

လက်ရှိမှာ Myanmar Hackers အဖွဲ့ဟာ အင်တာနက်သုံးသူတိုင်း ဝင်ရောက်ပြီး ကိုယ်တိုင် Cyber Attack လုပ်နိုင်မယ့် https://saynotomyanmarmilitarycoup.blogspot.com/ ဆိုတဲ့ ဘလော့ဂ်တစ်ခုလည်း ဖွင့်ထားပြီး ဘဏ်များ ၊ အခွန်ရုံး ၊ သွင်းကုန်လိုင်စင်လုပ်ငန်း ၊ လေကြောင်းလိုင်း နဲ့ စီးပွားရေးလုပ်ငန်းများ ၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝက်ဘ်ဆိုက်နဲ့ မြဝတီ ၊ မြန်မာ့အသံမီဒီယာများကို တိုက်ခိုက်မှုလုပ်နေတာ ဖြစ်ပါတယ်။ ဘလော့ဂ်ရဲ့ အောက်ခြေမှာ DDoS 4 Justice ဆိုတဲ့ ကြွေးကြော်သံလည်း ထည့်သွင်းထားတာ တွေ့ရပါတယ်။ 

"Distributed Denial-of-Service (DDoS) Attack လို့ ခေါ်ပါတယ်။ တိုက်ခိုက်ခံရတဲ့ ဝက်ဘ်ဆိုက်တွေကို နှေးသွားတာကနေ ရပ်တန့်သွားငပြီး သုံးလို့မရတော့အောင် လုပ်တဲ့ပုံမျိုးပါ။ အခုတိုက်ခိုက်မှုမှာက Start လုပ်တဲ့ code တွေ ချထားတာပေါ့။ ဒီခလုတ်ကို နှိပ်လိုက်တာနဲ့ သူ့ Permission ကနေ Target ကို Request တွေပို့တာ။ လူအများကြီး ဝိုင်းနှိပ်လိုက်တော့ ဒီ services တွေကို လူတွေအများကြီးကနေ သုံးနေတယ်ဖြစ်သွားပြီး ဝက်ဘ်ဆိုက်မှာရှိတဲ့ Resources တွေ အသုံးများပြီး နှေးသွားတာ ရပ်သွားတာမျိုး ဖြစ်တာပေါ့။" လို့ ဆိုက်ဘာဘေးကင်း တည်ထောင်သူ ဦးရဲသူရသက်က ဆိုပါတယ်။


Photo: Myanmar Hackers Facebook Page

Myanmar Hackers အဖွဲ့ရဲ့ သင်ကိုယ်တိုင် Hack ဘလော့မှာ အင်တာနက်သုံးတဲ့ လူငယ်အတော်များများ ဝင်ရောက်ပါဝင်နေပါတယ်။ "DDoS နဲ့ တိုက်လိုက်တော့ အွန်လိုင်းမှာ Traffic Congestion ဖြစ်ပြီး ကျကျသွားတာပေါ့။ ကျွန်တော်တော့ ဖုန်းနဲ့ ညည တိုက်ဖြစ်တယ်။ မနေ့ကဆို DB Query တွေပါ ထွက်လာတယ်။ အွန်လိုင်းကနေ ဆန္ဒပြနည်းတစ်မျိုးပေါ့" လို့ ဒီ hack မှာ ပါဝင်နေသူတစ်ဦးက ပြောပါတယ်။

လတ်တလောမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေး ၊ ပြည်တွင်းအခွန်ဦးစီးဌာန ၊ DICA ၊ FDA ၊ စီမံကိန်းနဲ့ဘဏ္ဍာရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွေထဲ ဝင်ကြည့်နိုင်ပေမယ့် ဗဟိုဘဏ် ၊ မြဝတီဘဏ် ၊ ငွေတိုက်စာချုပ်ဦးစီးအပါအဝင် ဒါဇင်နဲ့ချီတဲ့ ဝက်ဘ်ဆိုက်တွေကတော့ အခုညနေအထိ ဝင်ကြည့်လို့မရတဲ့အဖြစ်နဲ့ ကြုံတွေ့နေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က