Tesla ရှယ်ယာဈေးလည်း ထိုးကျသွားပါတယ်

၂၀၁၈ ခုနှစ်က စပြီး ဖြစ်ပွားခဲ့တဲ့ Tesla ကားတိုက်မှုတွေနဲ့ ပတ်သက်ပြီး Tesla ရဲ့အလိုအလျောက်မောင်း Autopilot စနစ်အပေါ် အမေရိကန်အမျိုးသားအဝေးပြေးယာဉ်ကြော ဘေးကင်းမှုအုပ်ချုပ်ရေးအဖွဲ့ NHTSA က စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီလို့ ဆိုပါတယ်။

           NHTSA ရဲ့အဆိုအရ Tesla ရဲ့ Autopilot စနစ်ကြောင့် ဖြစ်ပွားခဲ့တဲ့ယာဉ်တိုက်မှုမှာ အနည်းဆုံး လူ ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး လူ ၁ ဦး သေဆုံးတဲ့အထိ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ Tesla ရဲ့ Autopilot စနစ်ဟာ လူရဲ့ စောင့်ကြည့်ထိန်းချုပ်မှုလိုအပ်တဲ့ စွမ်းဆောင်ရည်အကန့်အသတ်ရှိ Self-Driving Feature တစ်ခု ဖြစ်ပါတယ်။ ၂၀၁၈ ဇန်နဝါရီက စပြီး Tesla ယာဉ်တွေကို ယာဉ်တိုက်မှုနေရာတွေနဲ့ တခြား ယာဉ်တစ်စင်းထက်ပိုတဲ့ ဆင့်တိုက်မှုတွေမှာ ပါဝင်ခဲ့မှုပေါင်း ၁၁ မှု ဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။




Photo: Euronews

           ဒီယာဉ်တိုက်မှုတွေမှာ ပါတဲ့ Tesla ကားတွေအကုန်လုံးဟာ Autopilot ဒါမှမဟုတ် ပတ်ပတ်လည်ယာဉ်ကျောနဲ့ ကားအမြန်နှုန်းကို အလိုအလျောက်ချိန်ပေးထားတဲ့ Traffic Aware Cruise Control စနစ် ဖွင့်ထားတာ တွေ့ရတယ်လို့ NHTSA က ထုတ်ပြန်ထားပါတယ်။ တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ ဒီဖက်ဒရယ်အေဂျင်စီရဲ့ အစီရင်ခံစာမှာ၂၀၁၄ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့တဲ့ Model X , Y, S နဲ့ Model 3 စတဲ့ Tesla ကားပေါင်း ၇၆၅၀၀၀ ခန့်ကို စုံစမ်းစစ်ဆေးမှု လုပ်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

           ဒါဟာ ၂၀၁၄ ကစပြီး အမေရိကန်မှ ရောင်းရသမျှ Tesla ကားအရေအတွက်နီးပါး လည်း ဖြစ်ပါတယ်။ NHTSA ရဲ့ အဆိုအရ Autopilot ဖွင့်မောင်းတဲ့ Tesla ကားတိုက်မှုထဲမှာ အရေးပေါ်မှုခင်းဧရိယာလိုမျိုး သတိပေးအလင်းတွေ ဖွင့်ရပ်နားထားတဲ့ အရေးပေါ်ကားတွေကို တိုက်သွားတာလည်း ပါရှိတယ်လို့ ဆိုပါတယ်။ အလိုအလျောက်မောင်း ယာဉ်လုံခြုံရေးအပေါ် သမ္မတသစ်လက်ထက်မှာ တင်းကြပ်မှုတွေ လုပ်လာပြီးနောက် အခုလို စုံစမ်းစစ်ဆေးမှုတွေ ရှိလာတာပါ။


Photo: RT


           ပြီးခဲ့တဲ့ဇွန်လထဲမှာလည်း Tesla ကားတိုက်မှုနဲ့ ပတ်သက်ပြီး စစ်ဆေးနေတဲ့ အမှုပေါင်း ၃၀ ရှိတယ်လို့ NHTSA က အာဏာပိုင်တွေက ပြောပါတယ်။ ၂၀၁၆ ခုနှစ်ကစပြီး အဆင့်မြင့်ယာဉ်ကူ Autopilot စနစ် ဖွင့်ထားပြီး မောင်းနှင်ချိန်မှာ ယာဉ်တိုက်မှုဖြစ်ပြီး လူ ၁၀ ဦးသေရတယ်လို့ သံသယရှိထားတဲ့ အမှုတွေ ဖြစ်ပါတယ်။ ဒီယာဉ်တိုက်မှုတွေထဲက ၃ မှုမှာ Autopilot သုံးတယ်ဆိုတဲ့အချက်ကိုတော့ အေဂျင်စီဘက်က စိစစ်ပြီး ပယ်ချထားပါတယ်။

 

           လောလောဆယ် လမ်းပိုင်း ဘေးကင်းရေးဘက် တာဝန်ရှိတဲ့ ဒီအမေရိကန်ဖက်ဒရယ်အေဂျင်စီဟာ Tesla ရဲ့ Autopilot စနစ်အပေါ် တရားဝင် စုံစမ်းမှုတွေလုပ်မယ်လို့ သတင်းတွေ ထွက်လာပြီးတဲ့နောက် Tesla ရှယ်ယာဈေးဟာ တနင်္လာနေ့မှာ ၄.၃၂% ကျဆင်းသွားတယ်လို့လည်း CNBC သတင်းက ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က