ပရီးမီးယားလိဂ်ပွဲ ၄ ပွဲ အခမဲ့ကြည့်နိုင်မှာပါ
Nyein Min Wai

ယူကေမှ Twitch သုံးစွဲသူတွေဟာ ဇွန်လ ၂၉ ရက်နေ့ကစပြီး ပရီမီးယားလိဂ်ဘောလုံးပွဲတွေကို တိုက်ရိုက် Live ကြည့်နိုင်တော့မှာပါ။

Amazon ဟာ ပရီးမီးယားလိဂ်ဘောလုံးပွဲတွေကို Twitch ပေါ်ကနေ အခမဲ့ကြည့်လို့ရအောင် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် Twitch ပေါ်ကနေ တိုက်ရိုက်လွှင့်တင်မယ့် ဘောလုံးပွဲဟာ ဇွန် ၂၉ ရက်နေ့မှာ ကျင်းပမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ ဘန်လေအသင်းတို့ရဲ့ ပွဲဖြစ်ပါတယ်။ ယူကေမှာ ရှိတဲ့ Twitch ကြည့်ရှုသူတွေဟာ ပရီးမီးယားလိဂ်ပွဲ ၄ ပွဲကို အခမဲ့ကြည့်နိုင်မှာ ဖြစ်တယ်လို့ CNBC က ဆိုပါတယ်။

Photo: esportsobserver

အခမဲ့ ထုတ်လွှင့်ပြသသွားမယ့် ပရီးမီးယားလိဂ် ၄ ပွဲဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ ဘန်လေ (ဇွန် ၂၉) ၊ အဲဗာတန် နဲ့ ဆောက်သမ်ပ်တန် (ဇူလိုင် ၆ ) ၊ ဝက်ဘ်ဖို့ နဲ့ နယူးကာဆယ် (ဇူလိုင် ၁၁) နဲ့ အတည်မပြုရသေးတဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။ ဘောလုံးကွင်းတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို တားဆီးဖို့အတွက် ပရိတ်သတ်မပါဘဲ ကျင်းပသွားမှာပါ။

Amazon ကတော့ ဘောလုံးကွင်းအတွင်းက ခံစားမှုမျိုး ရဖို့အတွက် Twitch stream မှာ တစ်ခြားပရိတ်သတ်တွေရဲ့ အော်ဟစ်အားပေးသံကိုပါ Twitch chat အနေနဲ့ ထည့်ပေးသွားမယ်လို့ ဆိုပါတယ်။ Amazon ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေကို Prime Video စာရင်းသွင်းထားသူများပါ ကြည့်လို့ရအောင် စီစဉ်ထားပါတယ်။ Amazon ဟာ ၂၀၁၈ ခုနှစ်အတွင်း ယူကေနိုင်ငံအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲများ ၃ နှစ်ကြာ ထုတ်လွှင့်ပြသခွင့် ရထားပါတယ်။

ဘောလုံးရာသီတစ်ခုမှာ ပွဲ ၂၀ ထုတ်လွှင့်ပြသခွင့်အတွက် Amazon ဟာ ယူရိုသန်း ၉၀ (ဒေါ်လာ ၁၁၂သန်း) ပေးထားတာ ဖြစ်ပါတယ်။ ဂိမ်မာတွေအကြားမှာ နာမည်ကြီးတဲ့ Twitch streaming ပလက်ဖောင်းကို ၂၀၁၄ ခုနှစ်မှာ ဒေါ်လာသန်း ၉၇၀ နဲ့ Amazon က ဝယ်ယူခဲ့တာပါ။


က္က