တစ်လကို 14nm wafers ၃၅၀၀၀ အထိ ထုတ်နိုင်မှာပါ

အဆင့်မြင့် chips ထုတ်လုပ်မှုပိုင်းအတွက် တရုတ်အစိုးရမှ နိုင်ငံရဲ့ အကြီးဆုံး chip maker ကြီး ဖြစ်တဲ့ SMIC မှာ အမေရိကန်ဒေါ်လာ ၂.၂၅ ဘီလျံရင်းနှီးမြှပ်နှံလိုက်ပါတယ်။ 

semiconductor ထုတ်လုပ်ရေး နိုင်ငံတကာကော်ပိုရေးရှင်း SMIC ရဲ့ semiconductor ပစ္စည်းအစိတ်အပိုင်းစက်ရုံအတွက် ရင်းနှီးမြှပ်နှံလိုက်တာ ဖြစ်ပြီး အမေရိကန်အစိုးရဘက်မှ Huawei ရဲ့ နိုင်ငံတကာ semiconductor အရောင်းအဝယ်ပေါ် တင်းကြပ်မှု စတင်ချိန်မှာ အခုလို ရင်းနှီးမြှပ်နှံကြောင်း သတင်းထွက်ပေါ်လာတာပါ။ 



ဒီရင်းနှီးမြှပ်နှံမှုကြောင့် SMIC စက်ရုံနဲ့ မှတ်ပုံတင်ထားတဲ့ ငွေရင်းဟာ ဒေါ်လာ ၃.၅ ဘီလျံကနေ ၆.၅ ဘီလျံအထိ မြင့်တက်လာတယ်လို့လည်း ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး South China Morning Post သတင်းမှာ ဖော်ပြထားပါတယ်။ ဒီစက်ရုံဟာ တစ်လမှာ 14nm wafers ခရစ္စတယ်လိုင်း ဆီလီကွန်ပစ္စည်းအစိတ်အပိုင်းပေါင်း ၆၀၀၀ ထုတ်လုပ်နေရာကနေ ၃၅၀၀၀ အထိ တိုးမြှင့်ထုတ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။


Photo: Asia Times

ပြီးခဲ့တဲ့ တစ်ပတ်ထဲမှာပဲ အမေရိကန်အစိုးရအဖွဲ့ဟာ အမေရိကန်နည်းပညာ အသုံးပြုနေတဲ့ နိုင်ငံခြား semiconductor supplier များနဲ့ Huawei အကြား အရောင်းအဝယ် လုပ်‌ဆောင်မှုကို တင်းကြပ်ချုပ်ကိုင်လာခဲ့ပါတယ်။ အမေရိကန်ကုန်သွယ်ရေးဌာနရဲ့ ပြင်ဆင်ထားတဲ့ ပို့ကုန်ဥပဒေအရ နိုင်ငံတကာမှ Semiconductor လုပ်ငန်းတွေဟာ အမေရိကန်နည်းပညာနဲ့ ဆော့ဖ်ဝဲလ်များ အသုံးပြုထားပါက ကုန်သွယ်ရေးဌာနရဲ့ ခွင့်ပြုချက်လိုင်စင်ရမှပဲ Huawei နဲ့ အရောင်းအဝယ် လုပ်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဥပဒေအရ Huawei high-end ဖုန်းတွေမှာ သုံးနေတဲ့ HiSilicon chips များ ထုတ်လုပ်ပေးနေတဲ့ TSMC နဲ့အကြား စီးပွားရေး လုပ်ဆောင်မှုပါ ထိခိုက်လာမှာပါ။ တရုတ်မှ SMIC ဟာ 14nm chips တွေပဲ ထုတ်နိုင်သေးတာ ဖြစ်ပြီး TSMC ကတော့ ဒီနှစ်ကုန်ပိုင်းမှာ မိတ်ဆက်သွားမယ့် Huawei Mate 40 အတွက် 5nm chips တွေ ထုတ်လုပ်ဖို့ပါ အဆင်သင့် ဖြစ်နေဖို့ ရှိပါတယ်။

14nm မှာ စတုရန်းတစ်မီလီမီတာမှာ ထရန်စစ္စတာပေါင်း ၃၅ သန်းကနေ သန်း ၄၀ နဲ့ ဖွဲ့စည်းထားပြီး TSMC ရဲ့ 5nm Chips တွေမှာ စတုရန်းတစ်မီလီမီတာမှာ ထရန်စစ္စတာ ၁၇၁.၃ သန်း ပါရှိတာပါ။ ထရန်စစ္စတာပိုများများ ဖွဲ့စည်းလေလေ စွမ်းအင်ထိရောက်မှုရှိပြီး ပိုပြီး စွမ်းဆောင်ရည်မြင့်တာ ဖြစ်ပါတယ်။ TSMC ဟာ လာမယ့် ၂၀၂၃ ခုနှစ်က စပြီး 5nm chips တွေ ထုတ်လုပ်နိုင်ဖို့ အမေရိကန်နိုင်ငံ အရီဇိုးနားမှာ ဒေါ်လာ ၁၂ ဘီလျံတန် စက်ရုံတစ်ခု တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ 

Photo: Financial Times


TSMC နဲ့ semiconductor စီးပွားရေး လုပ်ဆောင်ဖို့ အခက်တွေ့လာမယ့် Huawei ဟာ SMIC နဲ့ အလုပ်တွဲလုပ်ဖြစ်လာနိုင်ပါတယ်။ SMIC ဟာ ပြီးခဲ့တဲ့ အပတ်ထဲမှာ HonorPlay 4T လိုမျိုး အလတ်စား ဖုန်းအတွက် 14nm Kirin 710A chipset စတင်ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။ SMIC ရဲ့ ရည်မှန်းချက်ဟာ မကြာခင်မှာ 10nm နဲ့ 7nm chipset တွေ ထုတ်ဖို့ ဖြစ်ပါတယ်။

တရုတ်အစိုးရရဲ့ ရင်းနှီးမြှပ်နှံမှု ရရှိပြီးနောက် SMIC ရဲ့ ရှယ်ယာပိုင်ဆိုင်မှုဟာ ၅၀.၁% ကနေ ၃၈.၅% အထိ ကျဆင်းသွားခဲ့ပါတယ်။ မေလဆန်းကပဲ SMIC ဟာ အစုရှယ်ယာ ၁.၆၉ သန်း ကို ရှန်ဟိုင်းဈေးကွက်မှာ ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ ဒီရှယ်ယာရောင်းချမှုကနေ SMIC ဟာ ဒေါ်လာ ၃ ဘီလျံကျော် ဝင်လာဖို့လည်း မျှော်လင့်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က